၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ချင်းပြည်နယ် ဟားခါးမြို့မှာ လာမယ့်ခရစ္စမတ်ပွဲတော်ကို အရင်နှစ်တွေလို ခမ်းနားစွာ မကျင်းပတော့ဘဲ အွန်လိုင်းအစီစဉ်နဲ့သာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Chin World မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ကပ်ဆိုဒဏ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အခုလို လုပ်ဆောင်မှာဖြစ်တယ်လို့ သင်းအုပ်ဆရာတော်တစ်ပါးက ပြောပါတယ်။
“ဒီနှစ်ကျတော့လေ ထန်တလန်မီးလောင်တာနဲ့ ဖလမ်းမီးလောင်တာနဲ့ ဒုက္ခမျိုးစုံပေါ့နော်၊ နောက်ပြီးတော့ ကပ်ဘေးရောဂါကြောင့် ဆုံးပါးသွားတဲ့သူတွေ ပြီးရင် တော်လှန်ရေးကြောင့် ကျဆုံးသွားတဲ့ကျွန်တော်တို့ ညီအကို မောင်နှအားလုံးကို အောက်မေ့သတိရဖွယ်အနေဖြင့်ပေါ့နော် ဒီနှစ်တော့ ဟားခါးမှာလည်း အသင်းတော်အနေနဲ့သော်လည်းကောင်း၊ ရပ်ကွက်အနေနဲ့သော်လည်းကောင်း၊ မိသားစုအနေနဲ့သော်လည်းကောင်း ခရစ္စမတ်ကို လုံးဝမလုပ်သင့်ဘူးဆိုတဲ့အရာလေးနဲ့ ဟားခါးခရစ်ယန် ဂိုဏ်းပေါင်းစုံမိတ်သဟာရ အဖွဲ့ကနေပြီးတော့ ဆုံးဖြတ်ထားတာရှိဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်နေ့က ခရစ္စမတ်ရက်နေ့ အားလျော်စွာ အွန်လိုင်းအစဉ်စီနဲ့ဘဲ လုပ်သွားမှာပါ”လို့ ဟားခါးမြို့မှ သင်းအုပ်ဆရာတော် တစ်ဦးမှ ပြောပါတယ်။
ခရစ္စမတ်ရာသီဖြစ်ပေမဲ့ ကပ်ဘေးနဲ့နိုင်ငံရေးအခြေအနေတွေကြောင့် ဟားခါးမြို့မှာ အရင်နှစ်တွေလို မြို့အတွင်း ခရစ္စမတ်အလှဆင်ခြင်းတွေ မလုပ်ကြဘဲ ဘုရားကျောင်းပရဝုဏ်အတွင်းမှာသာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
“တော်တော်လေးကို ရင်နာတဲ့ဘဝ၊ ကျွန်တော်တို့ ၂၀၁၈၊ ၂၀၁၉ တုန်းကဆိုရင်တော့ ကျွန်တော်တို့လည်း လူငယ်တွေဆိုတော့ ညကျရင် ကယ်ရိုသွားတာတို့၊ ပြီးတော့ အဲ့လို ခရစ္စမတ်ပွဲ ကျင်းပတာတို့ ဆိုရင် တော်တော်လေးကို ပျော်တာပေါ့၊ သူငယ်ချင်းတွေနဲ့လည်း ပြန်ဆုံကြတယ်၊ အခြားမြို့တွေမှာ တက္ကသိုလ်တက်ကြတဲ့ သူတွေလည်း ကိုယ့်ရပ်ကိုယ့်ဒေသဖြစ်တဲ့ ဟားခါးကို လာကြပြီးတော့ စုံစုံလင်လင်နဲ့ ကျွန်တော်တို့တွေ အမြဲပါဝင်နေကျဖြစ်ပေမယ့်လည်း အခုတော့ ကပ်ဆိုးကာလလည်းဖြစ်တယ်၊ နိုင်ငံရေးအခြေနေကြောင့်လည်း ဖြစ်တော့ မကျင်းပရတော့ဘူးလို့ သူတို့ ကြေညာထားတာဆိုတော့ တော်တော်လေးကို ဝမ်းနည်းပါတယ်”လို့ ဟားခါးမြို့ ဒေသခံလူငယ်တစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ချင်းပြည်နယ်အတွင်းမှာ ထန်တလန်မြို့အပါအဝင် မြို့နယ်တွေနဲ့ ကျေးရွာတွေမှာရှိတဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
Credit- Chin World