ကန့်ဘလူမြို့နယ် ရဲဒွေးကျေးရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီး

၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက ကန့်ဘလူမြို့နယ် ရဲဒွေးကျေးရွာကို ဝင်ရောက်ကာ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီး လုယက်ပြီးနောက် မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့ မနက် ၉နာရီခန့်မှာ ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးနေတဲ့ စစ်အုပ်စုဟာ ရဲဒွေးကျေးရွာထဲကို ဝင်ရောက်လာတာကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

“ရွာထဲကိုဝင်လာတာကြားလို့ အကုန်တောထဲဝင်ပြေးရတယ် အိမ်တွေကို မီးရှို့နေတာတွေ့တယ် ဘယ်နှစ်လုံးလောင်သွားလဲ ဘာဖြစ်သွားလဲဆိုတာတော့ သေချာမသိသေးဘူး၊ သူတို့ပြန်မထွက်မချင်း သွားမကြည့်ရဲဘူး”လို့ ဒေသခံတစ်ဦးက သတင်းပေးပို့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်း စစ်အင်အားတိုးချဲ့ကာ မြေပြင်စိုးမိုးနိုင်ရေး လုပ်ဆောင်နေပေမဲ့ မြေပြင်တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားတိုက်ပွဲတွေကြောင့် အထိနာနေပြီး ဒေသခံပြည်သူတွေရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေပါတယ်။
ဓာတ်ပုံ-ပေးပို့