၁၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။
သန်းနဲ့ချီတဲ့ရွှေ့ပြောင်း နေထိုင်သူတွေနဲ့ အန္တရာယ် တွေရင်ဆိုင်နေရသူတွေ ဆီ လူသားချင်း စာနာ မှု ကယ်ဆယ်ရေးအထောက်အပံ့တွေ မပေးနိုင်အောင်အကြမ်းဖက်စစ်အုပ်စု က ပိတ်ပင်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch)က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းတွေကို လမ်းအသုံးပြုခွင့် ပိတ်ပင်ခဲ့သလို အထောက်အပံ့ ယာဉ်တန်းတွေကိုလည်း ပိတ်ပင်ခဲ့ကြောင်း စစ်ရေးအတွက် မဟုတ်တဲ့ အထောက်အပံ့ တွေကို ဖျက်ဆီးပြီး ထောက်ပံ့ရေး ဝန်ထမ်းတွေကို တိုက်ခိုက်ခဲ့ကြောင်း HRW ရဲ့ဒီဇင်ဘာ၁၃ရက်နေ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အာရှ သုတေသီ တစ်ဦးဖြစ်တဲ့ ရှာညာဘောက်ချနာက “မြန်မာ စစ်ကောင်စီက သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ကပ်ဘေးကို ပိုဆိုးအောင် လုပ်နေပါတယ်။ သိန်းနဲ့ချီတဲ့ ပြည်သူတွေကို ရွှေ့ ပြောင်း နေထိုင်စေတာမျိုး၊ ပြီးတော့ သူတို့အတွက် အလွန်အရေးကြီးတဲ့ အထောက်အပံ့တွေကို ပိတ်ပင်တာမျိုးတွေ လုပ်နေတာကြောင့်ပါ။ ဗိုလ်ချုပ်တွေဟာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ အတွက် အသက်ရှင် နေထိုင်ရေးဆိုင်ရာ အထောက်အပံ့တွေကို စိတ်နှလုံး ခိုင်ခိုင်မာမာနဲ့ကို ငြင်းပယ်နေကြပါတယ်။ အပြစ်ပေးသလိုမျိုး လုပ်နေကြတာပါ”လို့ ဆိုပါတယ်။
ဒါ့ကြောင့် အရေးပေါ်အကူအညီလိုအပ်နေသူတွေဆီ အထောက်အပံ့တွေပေးခွင့်ပြုဖို့ ကုလသမဂ္ဂ၊ အာဆီယံနဲ့ အခြားအစိုးရတွေအနေနဲ့ စစ်အုပ်စုကို ဖိအားပေးကြဖို့လည်းHRWက တိုက်တွန်းပါတယ်။
HRWရဲ့ စာရင်းအရ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းနေထိုင်သူ ၂၈၄၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး အိန္ဒိယနဲ့ထိုင်းသို့ ထွက်ပြေးသူ ၂၂၀၀၀ ကျော် ရှိနေပြီ လို့သိရပါတယ်။
အာဏာမသိမ်းမီ အထောက်အပံ့ လိုအပ်သူ တစ်သန်းမျှ ရှိနေရာကနေ၂၀၂၂ ခုနှစ်အတွင်း အသက်ရှင်နေထိုင်ရေး အထောက်အပံ့ လိုအပ်သူ ၁၄ ဒသမ ၄ သန်း ရှိလာမယ်လို့ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။