အကြမ်းဖက်စစ်တပ်ကြောင့် မြန်မာကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ ဦးကျော်မိုးထွန်းပြော

၁၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မြန်မာပြည်သူတွေအနေနဲ့ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေပေမယ့်လည်း အကြမ်းဖက်စစ်တပ်ရဲ့ ကန့်သတ် ချက်တွေကြောင့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဦးမှာ မဟုတ်သေးကြောင်း ကုလအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်တာပါ။

(၇၆) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ (၅၀) ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးကို ဒီဇင်ဘာ ၁၀ ရက်က ပြု လုပ်ခဲ့ရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံက ဆိုးရွားတဲ့ လူသားချင်းစာနာထောက်ထားမှုပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးအပ်ဖို့အတွက်ကို အကြမ်းဖက်စစ်တပ်က ပြင်းထန်တဲ့ ကန့်သတ်ချက်တွေ ချထားကြောင်း နဲ့ အကြမ်းဖက်စစ်တပ်က အာဏာချုပ်ကိုင်ထားနေသမျှ ကာလပတ်လုံး လုံခြုံစိတ်ချရတဲ့ လူသားချင်းစာနာမှုအထောက် အထား အကူအညီတွေကို ပေးအပ်နိုင်မှာ မဟုတ်ဘူးလို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုပါတယ်။

ဒါအပြင် ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်တွင်းက လူသားချင်းစာနာမှုအကူအညီတွေကို လိုအပ်နေတဲ့သူတွေဆီ အကူအညီ တွေ ရောက်ရှိဖို့အတွက် နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့အတွက် နည်းလမ်းတွေရှာရမှာ ဖြစ်တယ်လို့လည်း အကြံပြုပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်က နိုင်ငံတကာလူ့အခွင့်ရေးတွေ ချိုးဖောက်နေဆဲဖြစ်သလို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကိုလည်း ချိုးဖောက်နေဆဲ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ မှတ်တမ်းတွေအရဆိုရင်လည်း အကြမ်းဖက်စစ်တပ်က အာဏာသိမ်းခဲ့ပြီး ချိန်က စလို့ ဒီဇင်ဘာ ၆ ရက်အထိ ပြည်သူ ၂၈၄,၇၀၀ ဦး ခန့်က နေရပ်စွန့်ခွာခဲ့ရတယ်လို့ ဆိုထားပါတယ်။ ဒါအပြင် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေတဲ့ ဦးရေက ၁ သန်းကနေ ၃ သန်း အထိကို မြင့်တက်နေတယ်လို့ သိရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ကတော့ လာမဲ့ ၆ လအတွင်းမှာ မြန်မာပြည်သူ ၂ဒသမ၆ သန်းအထိ အစားအစာလိုအပ်ချက်ရှိမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။