အမုန်းစကားဖြန့်တယ်ဆိုပြီး Facebook ကုမ္ပဏီကို ရိုဟင်ဂျာတွေ တရားစွဲ

၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုမှာ အထောက်အကူပြုတဲ့ အမုန်းစကားတွေ နှစ်ပေါင်းကြာရှည်စွာ ခွင့်ပြုပေးထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကမ္ဘာကျော် လူမှုကွန်ရက် ဖေ့ဘုတ်ကုမ္ပဏီကို ရိုဟင်ဂျာဒုက္ခသည်တွေက တရားစွဲဆိုလိုက်ပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေဟာ ဖေ့ဘုတ်ကို တရားစွဲဆိုလိုက်တဲ့အပြင် နစ်နာကြေးအဖြစ် အမေရိကန် ဒေါ်လာ ၁၅၀ ဘီလီယံကျော် လျော်ကြေးပေးဖို့ တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် ဖေ့ဘုတ်ရဲ့ အယ်ဂိုရက်သမ် လုပ်ငန်းစဉ်ဟာ အမုန်းစကားတွေနဲ့ ချဲ့ထွင်ရေးသားချက်တွေကို ဖယ်ရှားဖို့ ပျက်ကွက်ခဲ့တာကြောင့် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေမှာ အထောက်အကူဖြစ်စေခဲ့တာလို့ ရိုဟင်ဂျာ မွတ်ဆလင်တွေဘက်က ယုံကြည်နေပါတယ်။

တရားစွဲဆို တိုင်ကြားမှုတွေဟာ လက်ရှိမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိန်က တရားရုံးတွေမှာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ ရှင်းလင်းရေး စစ်ဆင်ရေးကာလမှာ အသတ်ခံရတဲ့ ရိုဟင်ဂျာအရေအတွက် ၁သောင်းကျော်ခန့် ရှိနိုင်တယ်ဆိုတာကို ဆေးဘက်ဆိုင်ရာ နယ်စည်းမခြား ပရဟိတအဖွဲ့ Médecins sans Frontières အဆိုအရ သိရှိရပါတယ်။

ဗြိတိန်မှာတော့ လက်ရှိ လူမျိုးတုံး သတ်ဖြတ်မှုကို အထောက်အကူပြုခဲ့တဲ့ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားမှု အရေအတွက်ဟာ ၂၀ လောက်အထိ ရှိလာခဲ့ပါတယ်။ ဒီတိုင်ကြားချက်တွေကတော့ သေဆုံးသွားတဲ့ ရိုဟင်ဂျာ ၁သောင်းကျော်ကို ကိုယ်စားပြုတိုင်ချက်လည်း ဖြစ်ပါတယ်။

လက်ရှိတရားစွဲတိုင်ကြားတာတွေနဲ့ ပတ်သက်လို့တော့ ဖေ့ဘုတ်ကုမ္ပဏီဘက်ကတော့ တုံ့ပြန်မှု မရှိသေးပါဘူး။