သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလညီလာခံက မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက် အတည်ပြု

၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းကိုသာ ဆက် လက်အတည်ပြုတဲ့ စိစစ်ရေးကော်မတီရဲ့ဆုံးဖြတ်ချက်ကို ကုလအထွေထွေညီလာခံက အများသဘောတူညီချက်နဲ့ အတည်ပြုလိုက်ပါတယ်။

ကုလသမဂ္ဂမှာ မြန်မာနဲ့ အာဖဂန်နစ္စတန် နိုင်ငံတို့အတွက် ဘယ်သူ့ကို ကိုယ်စားပြုခွင့် ပေးမလဲဆိုတာ ဆုံးဖြတ်မယ့် အစီအစဉ်ကို ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် စိစစ်ရေး ကော်မတီ က ဆိုင်းငံ့လိုက် ကြောင်းဒီဇင်ဘာလ ၁ ရက်နေ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၆ ရက်နေ့၊ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အများသဘောတူညီချက်နဲ့ အတည်ပြုလိုက်ကြပါတယ်။

ဒါဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းနေရာမှာ ဝါရှင်တန်ဒီစီက မြန်မာစစ်သံမှူးနဲ့ အစားထိုးဖို့ မြန်မာအ ကြမ်းဖက်စစ်အုပ်စုရဲ့ကြိုးစားမှုကို ကုလသမဂ္ဂက ငြင်းပယ်လိုက်တဲ့သဘောလည်းဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ‘ဒီဆုံးဖြတ်ချက်ဟာမြန်မာပြည်သူတွေရဲ့အသံကို ကုလသမဂ္ဂမှာထင်ဟပ်နေဖို့ ကုလသမဂ္ဂ၏ ပေးအပ်မှုတစ်ခုပါ။ဒါဟာ မင်းအောင်လှိုင်တို့အတွက်အခံရအခက်ဆုံးနဲ့ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ပစ်ပယ်ခံရခြင်းဖြစ်ပေမဲ့ အကြမ်းဖက်စစ်တပ်အပေါ် တုံ့ပြန်မှုဟာ ဒီလောက်နဲ့ မလုံ‌ေလာက်ဘူးဆိုတာကို မြန်မာပြည်သူတွေအကြမ်းဖက်ခံနေရမှုက သက်သေပြနေတယ်’လို့ ပြောပါတယ်။

ဒေသစံတော်ချိန် ဒီဇင်ဘာ၆ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကိုသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်စကားပြောဆိုခြင်း မရှိပါဘူး။

ဖေဖော်ဝါရီ ၂၆ ရက်နေ့က ကုလသမဂ္ဂ ညီလာခံမှာဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း မိန့်ခွန်းပြောခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သံအမတ်ကြီးအဖြစ် ရပ်တည်ခဲ့ကာ နွေဦးတော်လှန်ရေးရဲ့ အရေးပါသူတစ်ဦးဖြစ်နေပါတယ်။မြန်မာအကြမ်းဖက် စစ်အုပ်စုကတော့ ဦးကျော်မိုးထွန်းကို နိုင်ငံတော်သစ္စာဖောက်အဖြစ် စွပ်စွဲထားပြီး ရာထူးက ဖယ်ရှားကြောင်း ကြေညာထားပါတယ်။