၆၊ဒီဇင်ဘာလ၊ ၂၀၂၁။
လာမယ့် သီတင်းပတ်အတွင်း အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြုလုပ်မယ့် ဒီမိုကရေစီအရေး ထိပ်သီးဆွေးနွေးပွဲဟာ ရယ်စရာဟာသတစ်ခုဖြစ်သလို အမေရိကန်ဟာ အကျိုးစီးပွား တစ်ခုတည်းကို ကြည့်နေတဲ့ နိုင်ငံအဖြစ် တရုတ်အကြီးတန်းအရာရှိ Tian Peiyan က စွပ်စွဲပြောကြားလိုက်ပါတယ်။
ဂျပန်တိုင်းမ်သတင်းဌာနရဲ့ ဖော်ပြချက်အရ အမေရိကန်က ဦးဆောင်ပြုလုပ်မယ့် ဒီမိုကရေစီအရေး ထိပ်သီးဆွေးနွေးပွဲဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို ကိုယ်စားပြုမှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံဘက်က အသိပေးထားတာပါ။
အမေရိကန်က ဦးဆောင် ပြုလုပ်မယ့် ဒီမိုကရေစီအရေး ထိပ်သီးအစည်းအဝေးပွဲမှာ တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံကို မဖိတ်ကြားထားပေမယ့် ထိုင်ဝမ်ဒေသကတော့ ဒီအစည်းအဝေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်စာရင်း ပါဝင်နေပါတယ်။
“စစ်မှန်တဲ့ ဒီမိုကရေစီ မဟုတ်တဲ့အတွက် တရုတ်နိုင်ငံဟာ မကြိုက်ပါဘူး”လို့ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးနဲ့ ပတ်သက်လို့ ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ မူဝါဒသုတေသနရုံးရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Tian Peiyan က အသိပေးခဲ့တာပဲဖြစ်ပါတယ်။
ဒါအပြင် အမေရိကန်နိုင်ငံရေးသမားတွေဟာလည်း အကျိုးစီးပွားကို ဦးတည်တဲ့ အုပ်စုအဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေသာ ဖြစ်တယ်လို့ တရုတ်နိုင်ငံဘက်က အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။
အစောပိုင်းကတည်းက အမေရိကန်က ဦးဆောင်ပြုလုပ်မယ့် တရုတ်နဲ့ ရုရှားမပါဝင်တဲ့ ဒီမိုကရေစီအရး ထိပ်သီးအစည်းအဝေးဟာ မတူညီတဲ့ နိုင်ငံရေးစနစ်တွေအကြားမှာ တင်းမာမှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေခဲ့တာပါ။
ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးပွဲကိုတော့ လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ နိုင်ငံပေါင်း ၁၀၀ ကျော်နဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။