စစ်ရေး ၊ နိုင်ငံရေးအကျပ်အတည်းကို အကြောင်းပြပြီး ချင်းပြည်ကို မစွန်ခွာဖို့နဲ့ CNF ထုတ်ပြန်

၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်နေချိန် ချင်းပြည်သူ တစ်ရပ်လုံး စည်းလုံးညီညွတ်မှုကို အရှိန်မြင့်တင်ပြီး အမိချင်းပြည်ကနေ တစ်ဖဝါးမခွာဘဲ အတူရှိနေကြဖို့ ချင်းအမျိုးသားတပ်ဦး CNFက ဒီကနေ့ ဒီဇင်ဘာလ ၄ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ရေးနဲ့ နိုင်ငံရေးအကျပ်အတည်းကို အကြောင်းပြပြီး ချင်းပြည်ကို စွန့်ခွာကာ တတိယနိုင်ငံတွေမှာ ခိုလှုံနိုင်ရေးနဲ့ တတိယနိုင်ငံတွေမှာ ခိုလှုံနိုင်ရေးအတွက် ချင်းပြည်သူတွေကို စည်းရုံးတာ၊ လှုံ့ဆော်တာ ကြိုးစားလုပ်ဆောင်တာတွေ လုံးဝမလုပ်ဆောင်ဖို့ CNFကဆိုပါတယ်။

 ချင်းအမျိုးသားတပ်ဦးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို ဖြုတ်ချပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ရန်အတွက် NUG၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အသက်ကို စတေးကာ လက်နက်ကိုင်တော်လှန်ရေး အစွမ်းကုန် ဆင်နွှဲနေတာကြောင့် ချင်းပြည်သူတွေရဲ့ ၂၀ရာခိုင်နှုန်းဟာ စစ်ဘေးရှောင် လူမှုဘေးဒဏ်ကို ခံနေရတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ချင်းပြည်နယ်အတွင်း ထိုးစစ်ဆင်ပြီး ပြည်သူတွေကို မတရားဖမ်းဆီးတာ ၊ အမျိုးသမီးတွေအပေါ် လိင်မှုကျူးလွန်တာ၊ ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးတွေအပြင် ခရစ်ယာန်ဘုရားကျောင်းတွေကို မီးရှို့ဖျက်စီးတာ စတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ချင်းအမျိုးသားနဲ့ ချင်းပြည်နယ် လုံခြုံရေးကို ရည်ရွက်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။