စင်ကာပူမှာလာကန်မယ့် မြန်မာဘောလုံးအသင်းကို အားပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်

၂၊ဒီဇင်ဘာလ၊ ၂၀၂၁။

စင်ကာပူနိုင်ငံမှာ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်မယ့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းကို အားပေးမှာမဟုတ်ဘူးလို့ စင်ကာပူရောက် မြန်မာပရိသတ်တွေတည်ထောင်ထားတဲ့ Myanmar Football 12th Playersက ထုတ်ပြန်လိုက်ပါတယ်။

Myanmar Football 12th Playersဟာ စင်ကာပူမှာ လာရောက် ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအသင်းပွဲစဉ်တိုင်းကို အမြဲအားပေးခဲ့ပေမဲ့ အခုအခါမှာတော့ ဘောလုံးကွင်းထဲ လာအားမပေးခြင်းနဲ့ ဆန္ဒပြကြမယ်လို့ ဆိုပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေ၊ ဖက်ဆစ်စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကို လက်မခံတာကြောင့် မြန်မာအသင်းဝင် ပြိုင်တာကို ကန့်ကွက်ပြီး အားပေးမှာမဟုတ်ကြောင်းထုတ်ပြန် ချက်မှာဖော်ပြပါတယ်။

အာဆီယံဆူဇူကီး ဖလားပွဲစဉ်တွေကို စင်ကာပူနိုင်ငံမှာ အိမ်ရှင်အဖြစ် ကျင်းပမှာ ဖြစ်ပြီး မြန်မာအသင်းဟာ ဒီဇင်ဘာ ၅ ရက်မှာ စင်ကာပူအသင်း ၊ ဒီဇင်ဘာ ၈ ရက်မှာ အရှေ့တီမော၊ ဒီဇင်ဘာ ၁၁ ရက်မှာ ထိုင်း၊ ဒီဇင်ဘာ ၁၈ ရက်မှာ ဖိလစ်ပိုင်းအသင်းနဲ့ အုပ်စုပွဲစဉ်တွေကစားရမှာဖြစ် ပါတယ်။

စင်ကာပူနိုင်ငံရဲ့ တင်းကျပ်တဲ့ ဥပဒေတွေကြောင့် မြန်မာအသင်းယှဉ်ပြိုင်မယ့် ကွင်းထဲသွားပြီး ဆန္ဒပြတာမျိုးလည်းလုပ်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။