ယူကေ၊ ဂျာမနီနဲ့ အီတလီတို့မှာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန် တွေ့

၂၈၊ နိုဝင်ဘာလ၊ ၂၀၂၁။

တောင်အာဖရိကမှာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန်တွေ့ရှိတယ်ဆိုတဲ့ အသိပေးမှုအပြီး နိုင်ငံအများစုဟာ ဒီမျိုးကွဲသစ်အတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ ယူကေ၊ ဂျာမနီနဲ့ အီတလီနိုင်ငံတွေမှာ အိုမီခရွန်ကို တွေ့ရှိခဲ့ပြီဖြစ်ပါတယ်။

နိုင်ငံကြီးတွေဟာ တောင်အာဖရိကနိုင်ငံတွေက ခရီးသွားလာမှုတွေကို အချိန်မီတားမြစ်လိုက်နိုင်ပေမယ့် မျိုးကွဲသစ် အိုမီခရွန်ကိုတော့ နိုင်ငံတွင်းမှာ စတင်တွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အန္တရာယ်များတဲ့ မျိုးကွဲသစ်တစ်ခုဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပေမယ့် ဒီမျိုးကွဲသစ်ရဲ့သက်ရောက်နိုင်မှုကိုတော့ လက်ရှိအချိန်ထိ မသိရှိရသေးပါဘူး။

ဒါအပြင် လက်ရှိ ကာကွယ်ဆေးတွေဟာ ဒီမျိုးကွဲသစ် အိုမီခရွန်ကို ကာကွယ်ပေးနိုင်စွမ်း ရှိ၊ မရှိကိုလည်း မသိရှိရသေးသလို ဒီ့အတွက် လေ့လာမှုတွေဟာ ရက်သတ္တပတ်အနည်းငယ် ကြာမြင့်နိုင်သေးတယ်လို့ သိပ္ပံပညာရှင်တွေက အသိပေးပါတယ်။

အခုအခါမှာတော့ B.1.1.529 လို့ ခေါ်တဲ့ မျိုးကွဲသစ် အိုမီခရွန်ဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားတုံ့ပြန်မှုကို ရှောင်လွှဲနိုင်ပြီး အရင်မျိုးကွဲတွေထက် ပိုမိုကူးစက်နိုင်စွမ်းရှိလို့ နိုင်ငံအများစုက စိုးရိမ်ထိတ်လန့်နေကြပါတယ်။