မန္တလေးမှာ ကျူးကျော်တွေကိုရှင်းလင်းနေတဲ့ စစ်အုပ်စု ဖောက်ခွဲတိုက်ခိုက်ခံရ

၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဧရာဝတီမြစ်ကမ်းနားလမ်း၊ ကုန်စိမ်းစျေးနဲ့ ပေါ်တော်မူဘုရားကြား လေးကျွန်းမာန်အောင်ဘုရားနားမှာရှိတဲ့ ကျူးကျော်တွေကို အင်အားသုံးဖယ်ရှားနေတဲ့ စစ်အုပ်စု ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၇ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ ပေါ်တော်မူဘုရားမှာ စစ်အုပ်စုက ကျူးကျော်တွေကိုအင်အားသုံး ဖယ်ရှားနေစဉ်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်အုပ်စုက ထိခိုက်သူ ရှိမရှိတော့ မသိရသေးပါဘူး။

ပေါက်ကွဲမှုဖြစ်စဉ်အပြီးမှာ စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် လမ်းသွားလမ်းလာ ပြည်သူနှစ်ဦးပါ ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ သိရပါတယ်။

“စည်ပင်ကဦးဆောင်ပြီးတော့ ကျူးတွေကိုလိုက်ဖျက်နေတာ၊ အဲ့အချိန်ဗုံးထပေါက်တာ စည်ပင်ရော ရဲရော စစ်သားတွေအဖွဲ့လိုက် လိုက်ရှင်းနေတာ၊ သူတို့ထိမထိတော့မသိဘူး သူတို့ရမ်းသမ်းပစ်လိုက်လို့ လမ်းသွားနေတဲ့နှစ်ယောက် ထိသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာရှိတဲ့ ကျူးကျော်တွေကို အဓမ္မလိုက်လံဖယ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။