ဖာရန်တောရက်စ်ကို ဘာစီလိုနာအသင်း ခေါ်ယူဖို့ စိတ်ဝင်စား

 

၂၇၊ နိုဝင်ဘာ၊ ၂၀၂၁။

မန်စီးတီးတိုက်စစ်မှူး ဖာရန်တောရက်စ်ကို စပိန်ကလပ် ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စီစဉ်နေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ဒီတိုက်စစ်မှူးကို ပြီးခဲ့တဲ့ နှစ်က မန်စီးတီးအသင်းအနေနဲ့ ပေါင် ၂၁ သန်း အသုံးပြုပြီး ဗလင်စီယာအသင်းကနေ ခေါ်ယူခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ တန်ကြေးက ပေါင် သန်း ၄၀ ဝန်းကျင်လောက်အထိ ရှိနေပါတယ်။

အသက် (၂၁) နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူး ဖာရန်တောရက်စ် ကိုယ်တိုင်ကလည်း မန်စီးတီးအသင်းမှာ ပွဲထွက်ခွင့် ကန့်သတ်ချက်တွေ ရှိလာလို့ အသင်းပြောင်းဖို့ ဆန္ဒရှိနေပြီး ဘာစီလိုနာအသင်းက ခေါ်ယူခဲ့ရင် ငြင်းဆန်ဖို့ မရှိဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ သောကြာနေ့ကလည်း ဘာစီလိုနာ အမှုဆောင်ချုပ် ဖာရန်ရက်ဗာတာနဲ့ ဘောလုံးအားကစား ဒါရိုက်တာ မာသီယူ အယ်လီမာနီတို့နှစ်ဦးဟာ မန်စီးတီးအသင်းရဲ့ လေ့ကျင့်ရေးကို လာရောက်ခဲ့တယ်လို့ အသင်းနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ 

ဘာစီလိုနာအသင်းဟာ မန်စီးတီးတိုက်စစ်မှူး ဖာရန်တောရက်စ်အပြင် တောင်ပံတိုက်စစ်မှူး စတာလင်ကိုလည်း ခေါ်ယူဖို့ အစောကတည်းက ရှိနေခဲ့တာပါ။ ဒါပေမဲ့ အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကို ချင့်ချိန်နေရတာကြောင့် လာမယ့် အပြောင်းအရွှေ့ စျေးကွက်မှာ လွတ်လွတ်လပ်လပ် ငွေသုံးသွားဖို့တော့ ရှိမနေပါဘူး။