နိုင်ငံတကာလှူဒါန်းတဲ့ ထောက်ပံ့ပစ္စည်းတွေ မြန်မာကို ပေးပို့မယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြော

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဒေသတွင်းနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာပြည်သူတွေကို လှူဒါန်းတဲ့ ဆေးဝါးနဲ့ ထောက်ပံ့ကူညီ ရေးပစ္စည်း၂တန်ကို ပေးပို့သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

နိုဝင်ဘာ၂၅ရက်နေ့က ထိုင်းနိုင်ငံလွှတ်တော်အတွင်း ဖျူထိုင်းပါတီဝင်အမတ်တစ်ဦးက ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဒွန်ပရာမွတ်ဝီနိုင်းရဲ့ နိုဝင်ဘာ၁၄ရက်နေ့ မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုကို ပြန်လည် ဖြေကြားရာမှာ အဲဒီလိုထည့်သွင်းပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ နေပြည်တော်ကိုနေ့ချင်းပြန်သွားရောက်မှုဟာ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့သာသက်ဆိုင်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၁၇ ခုက လှူဒါန်းတဲ့ မြန်မာပြည်သူတွေ လိုအပ်နေတဲ့ ဆေးဝါးနဲ့ ထောက်ပံ့ကူညီရေးပစ္စည်း ၁၅ တန်ကို ပေးပို့လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။

အဲဒီလှူဒါန်းမှုထဲမှာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)နဲ့ မယ့်ဖာလွမ်ဖောင်ဒေးရှင်းတို့ပါဝင်တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့နေပြည်တော်ခရီးစဉ်အတွင်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ဘာတွေဆွေးနွေးခဲ့သလဲဆိုတာကိုတော့ မပြောပါဘူး။

နိုင်ငံတကာလှူဒါန်းတဲ့ပစ္စည်းတွေကို ဘယ်ဒေသက မြန်မာပြည်သူတွေကို လှူဒါန်းသလဲဆိုတာ စစ်အုပ်စုက မထုတ်ပြန်ပါဘူး။