ချဲလ်ဆီးနဲ့ ပွဲမှာ စီရော်နယ်ဒို ဂိုးသွင်းနိုင်ရင် နိုင်ငံနဲ့ ကလပ် သွင်းဂိုး ၈၀၀ ပြည့်မယ်

၂၇၊ နိုဝင်ဘာ၊ ၂၀၂၁။

မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ချဲလ်ဆီးနဲ့ ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ရင် နိုင်ငံလက်ရွေးစင်အသင်းနဲ့ ကလပ်အသင်း သွင်းဂိုး ၈၀၀ ပြည့်မြောက်သွားမှာဖြစ်ပါတယ်။ 

လက်ရှိမှာ သူ့ရဲ့ သွင်းဂိုးတွေဟာ ၇၉၉ ဂိုး ရှိနေပြီဖြစ်တာကြောင့် ကစားသမားဘဝ မှတ်တိုင်တစ်ခုကို ဆောက်တည်လိုက်နိုင်မှာလည်း ဖြစ်ပါတယ်။ 

စီရော်နယ်ဒိုဟာ အသက်အရွယ် ၃၆ နှစ်ကို ရောက်ရှိနေပြီဖြစ်ပေမယ့် သူ့ရဲ့ သွင်းဂိုးတွေနဲ့ စွမ်းဆောင် ရည်တွေဟာ ကိုယ်စားပြုခဲ့တဲ့ ကလပ်အသင်းတွေအတွက် အရေးပါခဲ့ပါတယ်။ 

“သူဟာ အရမ်းတည်ငြိမ်အေးစက်ပြီး တွက်ချက်တတ်သူပါ။ အခွင့်အရေးလည်း မယူတတ်သူဖြစ်တယ်”လို့ လက်ရှိယာယီနည်းပြ မိုက်ကယ်ကာရစ်က စီရော်နယ်ဒိုကို ချီးကျူးထားပါတယ်။

၁၉ နှစ်တာ ကာလအတွင်းမှာ သွင်းဂိုးပေါင်း ၈၀၀ ပြည့်မြောက်တော့မယ့် စီရော်နယ်ဒိုဟာ အခုနှစ် မန်ယူအသင်းအတွက်လည်း ပွဲစဉ်ပေါင်း ၁၄ ပွဲကစားပြီး ၁၀ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

နိုင်ငံနဲ့ ကလပ်အသင်းဖော် ဘရူနိုဖာနန်ဒက်စ်နဲ့အတူ ဒီရာသီ လိဂ်သွင်းဂိုး ၄ ဂိုးစီနဲ့ အသင်းမှာအများဆုံးအဖြစ် သွင်းယူပေးထားတာပါ။

ချဲလ်ဆီး-မန်ယူ ပရီးမီးယားလိဂ် ပွဲစဉ်ကိုတော့ လာမယ့် တနင်္ဂနွေနေ့ ည ၁၁ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။