NLDအမတ်နဲ့ ပါတီဝင် ၅၈၀ ပါဝင်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။

NLD ဗဟိုအလုပ်ကော်မတီနဲ့ တိုင်း/ပြည် နယ်အလုပ်အမှုဆောင်တွေရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်သူရွေးကောက်ခံလွှတ်တော်အမတ်တွေ အပါအဝင် စုစုပေါင်း၅၈၀ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးကို နိုဝင်ဘာ၂၅ရက်နေ့ကနေ ၂၆ရက်နေ့အထိ အွန်လိုင်းကနေပြုလုပ်ခဲ့တာပါ။

အစည်းအဝေးပထမရက်မှာ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မွန်ပြည်နယ် ၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနဲ့ပဲခူးတိုင်းတို့က NLDအလုပ်အမှုဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းလူ၃၈၀ တက်ရောက်ခဲ့ပြီး ဒုတိယနေ့မှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့က တိုင်း/ ခရိုင်/ မြို့နယ် အဆင့် အလုပ်အမှုဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းလူ၂၀၀တက်ရောက်ခဲ့တယ်လို့ ဒလမဲဆန္ဒနယ်အမှတ်(၂)ရန်ကုန် တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက သူ့ရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။

အစည်းအဝေးမှာ ပါတီစည်းလုံးညီညွှတ်ရေးကို ခိုင်မာစွာစုစည်းဖို့၊ လူထုအာဏာလူထုထံ ပြန်လည်အပ်နှင်းနိုင်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်နေတဲ့နေရာတွေအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အစည်းအဝေးတွေမှာ သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ က အဖွင့်စကားပြောကြားခဲ့ပြီး ဗဟိုအလုပ်ကော်မတီ (CWC) အဖွဲ့ဝင် ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပါတီလုပ်ဆောင်နေမှုတွေနဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။