ခရမ်းလျှပ်စစ်ဝန်ထမ်းတွေကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကြောင်း PDF ကြေညာ

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်းရှိ လျှပ်စစ်ဝန်ထမ်းတွေကို စစ်အုပ်စု ရဲ့အလိုတူအလိုပါ အကြမ်း ဖက်သမားတွေအဖြစ် သတ်မှတ်တယ်လို့ ခရမ်းPDF ကထုတ်ပြန်လိုက်ပါတယ်။

ခရမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုနဲ့သူတို့ရဲ့ လက်ပါးစေတွေဟာ ပြည်သူလူထုအပေါ် မီတာခအဆမတန်ကောက်ခံခြင်း ၊ မီတာ မဆောင်တဲ့အာဏာဖီဆန်မှုကို ပြင်းထန်စွာဖိနှိပ်ခြင်း ၊ ကျေးရွာလုံးကျွတ် လျှပ်စစ်မီး ဖြတ်တောက်ခြင်း ၊ ကျေးရွာမီးလင်းရေးကော်မတီအမည်ခံ သူတို့ရဲ့လက်ကိုင်တုတ်တွေကို တာဝန် ပေးပြီး ပြည်သူတွေဆီက ဖိအားပေးငွေတောင်းခံနေခြင်း အစရှိတဲ့လုပ်ရပ်တွေကို လုပ်ဆောင်နေကြကြောင်း ခရမ်းPDF ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

‘EPCကတော့ စစ်တပ်ခိုင်းတာအကုန်လုပ်တာပဲ။ခရမ်းမြို့ပေါ်ကို မီးမဖြတ်ရဲလို့ မဖြတ်တာ။ရွာတွေကို တော့ ရွာလုံးကျွတ်မီးဖြတ်နေတယ်’လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ခရမ်းမြို့နယ်အတွင်းကတမံကြီးရွာ၊၊ပန်းတောချောင်ရွာ၊ကမာဖလိန်းရွာ၊ထိန်ပင်ကွင်းရွာ၊အုတ်ဖိုရွာနဲ့ ဝန် လေးဝရွာ တို့ကို မီတာခမဆောင်လို့ဆိုပြီး အကြမ်းဖက်စစ်တပ်နဲ့ လျှပ်စစ်ရုံးဝန်ထမ်းတို့က ရွာလုံးကျွတ် မီးဖြတ် တောက်ထားတယ်လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။

လျှပ်စစ်ရုံးဝန်ထမ်းတွေအားလုံး နဲ့ပူးပေါင်းဆောင်ရွက်သူများအားလုံးအနေနဲ့ လျှပ်စစ်မီးနဲ့ပက်သက်ပြီး ပြည်သူအပေါ် အကြမ်းဖက်လူပါးဝလုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ နဲ့အကြမ်းဖက်လုပ်ရပ်တွေကို ဆက်လက်လုပ်ဆောင်ပါက အသက်အန္တရာယ်နှင့်လုံခြုံရေးအတွက် လုံးဝတာဝန်ယူမှာ မဟုတ်ဘူးလို့ ခရမ်းPDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခရမ်းမြို့နယ်၊ပိန်းကန်တစ်ရွာလုံးကို နိုဝင်ဘာ၁၆ရက်နေ့ကမီးဖြတ်ခဲ့ပြီး နိုဝင်ဘာ၂၄ရက်နေ့မှာ မီးပြန်ပေး ပါတယ်။