ဓာတ်ပုံ – AFP
၂၆၊ နိုဝင်ဘာ၊ ၂၀၂၁။
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသမှာ ကျောက်မီးသွေးတွင်းတစ်တွင်း မတော်တဆဖြစ်လို့ လူ ၅၂ ဦးနဲ့အထက် မနည်းသေဆုံးပြီး သေဆုံးသူတွေထဲမှာ ကယ်ဆယ်ရေးသမားတွေလည်း ပါဝင်ခဲ့တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။
လူဒါဇင်ပေါင်းများစွာဟာလည်း လက်ရှိအချိန်ထိ ပျောက်ဆုံးနေသေးပြီး ကယ်ဆယ်ရေးသမားတွေကတော့ ရှာဖွေမှုတွေ ဆက်လက် ပြုလုပ်နေပါတယ်။ ကယ်ဆယ်ရေးပြုလုပ်နေရင်းနဲ့ပဲ ကယ်ဆယ်ရေးသမား ၆ ဦးဟာ သေဆုံးခဲ့ရပြီဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ကျောက်မီးသွေးတွင်းထဲ မီးလောင်ရာကနေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး တွင်းထဲမှာရှိတဲ့ လေဝင်လေထွက်စနစ်တွေအားလုံးဟာ မီးခိုးငွေ့တွေနဲ့ ပြည့်နှက်သွားခဲ့တာလို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
ကီမီရိုဗိုဒေသရဲ့ ဘယ်လိုဗိုမြို့အနီးမှာ ရှိတဲ့ အဲ့ဒီမိုင်းတွင်းဟာ ကြာသပတေးနေ့ နံနက်အစောပိုင်းမှာကတည်းက မီးခိုးငွေ့တွေနဲ့ ပြည့်နှက်နေခဲ့တာပါ။
အဲ့ဒီကျောက်မီးသွေးတွင်းထဲမှာတော့ မိုင်းတွင်းလုပ်သားပေါင်း ၂၈၅ ဦးလောက်အထိ အလုပ်လုပ်နေခဲ့တာလို့ Aljazeera သတင်းဌာနက ဆက်လက် ဖော်ပြပါတယ်။
မော်စကိုမြို့အရှေ့ဘက် ကီလိုမီတာ ၃,၅၀၀ အကွာအဝေးမှာရှိတဲ့ ကီမီရိုဗို ကျောက်မီးသွေးထုတ်လုပ်ရာဒေသဟာ နှစ်ပေါင်းများစွာကတည်းက အခုလို ဆိုးရွားတဲ့ မိုင်းတွင်းမတော်တဆမှုများစွာကို ခံစားခဲ့ရတာပါ။