တိုက်စစ်ကို အရေးပေါ်အားဖြည့်ဖို့ လိုအပ်လာလို့ အာသာ ကာဘရယ်လ်ကို ခေါ်ယူဖို့ ဘာစီလိုနာ စီစဉ်

၂၆၊ နိုဝင်ဘာ၊ ၂၀၂၁။

ဘာစီလိုနာအသင်းဟာ တိုက်စစ်ကို အရေးပေါ်အားဖြည့်ရမယ့်အခြေအနေမျိုးဖြစ်လာလို့ ဘေဆယ်လ်တိုက်စစ်မှူး အာသာ ကာဘရယ်လ်ကို စောင့်ကြည့်တာတွေ ရှိနေပြီဖြစ်နေပြီလို့ သိရှိရပါတယ်။

ဘာစီလိုနာ စီအီးအို အေလီမာနီက အသင်းရဲ့ဘဏ္ဍာရေးပြဿနာတွေကြောင့် ဆောင်းရာသီဈေးကွက်မှာ အသင်းအတွက် ကစားသမားသစ်ခေါ်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် လက်ရှိအခြေအနေတွေအရ နည်းပြသစ် ဇာဗီဟာ တိုက်စစ်မှူးသစ်တစ်ယောက် မဖြစ်မနေ ခေါ်ယူရမယ့်အခြေအနေဖြစ်လာလို့ အသင်းဘက်က ငွေသုံးခွင့် ပေးအပ်ဖွယ်ရှိနေတာပါ။

အသက် ၂၃ နှစ်အရွယ် ကာဘရယ်လ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဘေဆယ်လ်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၃ ဂိုး၊ ဂိုးဖန်တီးမှု ရှစ်ကြိမ် ရယူပေးထားနိုင်သူဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီဟာ ဘရိတ်ဝိတ်၊ ပီဒရီ၊ ဂါဘရီ စတဲ့ ကစားသမားတွေကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ထားရတဲ့အတွက် တိုက်စစ်ကို အားဖြည့်ဖို့ ကစားသမားသစ်တစ်ယောက် မဖြစ်မနေ ခေါ်ယူရမယ့် အခြေအနေကို ရင်ဆိုင်လိုက်ရတာပဲဖြစ်ပါတယ်။

ကာဘရယ်လ်နဲ့ ဘေဆယ်လ်အသင်းတို့အကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်က ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ရောက်ရင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့်ဇန်နဝါရီဈေးကွက်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းနဲ့ ပေါင်သန်း ၂၀ ဝန်းကျင်အကြား ရခဲ့ရင် ကာဘရယ်လ်ကို ဘေဆယ်လ်က ရောင်းထုတ်ပေးဖွယ် ရှိနေပါတယ်။