နည်းပြဆိုးလ်ရှား ထုတ်ပယ်ခံခဲ့ရပြီးနောက် လေ့ကျင့်ရေးကွင်းမှာ မန်ယူကစားသမားတွေ ပျော်ရွှင်နေ

 

၂၆၊ နိုဝင်ဘာ၊ ၂၀၂၁။

နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် လက်ရှိ ယာယီနည်းပြ ကာရစ်လက်ထက်မှာ မန်ယူအအသင်းရဲ့ ကစားသမားအားလုံးအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုနဲ့အတူ ပျော်ရွှင်မှုတွေလည်း ရှိလာခဲ့ပါတယ်။ 

နည်းပြကာရစ်ရဲ့ လက်ထက်  ချန်ပီယံလိဂ်မှာ ဗီလာရီးရဲလ်အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပြီးနောက် လာမယ့် ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကိုပါ လက်ရှိနည်းပြက ကိုင်တွယ်ဖို့ အခွင့်အရေး ရှိနေတာပါ။ 

မန်ယူအသင်းဟာ ဗီလာရီးရဲလ်အသင်းကို အနိုင်ရပြီးနောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်လာခဲ့သလို ယာယီနည်းပြသစ် အပြောင်းအလဲ ကိစ္စတွေနဲ့လည်း အသင်းဟာ လှုပ်ရှားမှုတွေ ရှိလာခဲ့ပါတယ်။ 

ယာယီနည်းပြ မိုက်ကယ်ကာရစ်အပါအဝင် စီရော်နယ်ဒို၊ ဗန်ဒီဘိခ်၊ မာရှယ်နဲ့ ဆန်ချို စတဲ့ ကစားသမားတွေဟာ ပြုံးပျော်ရွှင်နေခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်အတွက် လေ့ကျင့်ရေးအစီအစဉ်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့တာပါ။ 

လက်ရှိမှာ မန်ယူ ယာယီနည်းပြနေရာအတွက် လိုက်ဇစ်နည်းပြဟောင်း ရန်ဂျနစ်နဲ့ မန်ယူအကြား ၆ လ သက်တမ်း သဘောတူညီမှု ရရှိခဲ့ပေမယ့် နည်းပြဟာ အလုပ်လုပ်ခွင့် ပါမစ်နဲ့ ပြည်ဝင်ခွင့် ဗီဇာမရသေးဘဲ ရှိနေပါတယ်။ 

ဒါကြောင့် လာမယ့် ချဲလ်ဆီးအသင်းနဲ့ ပွဲစဉ်ဟာ မန်ယူအသင်းကို မိုက်ကယ်ကာရစ်ကိုင်တွယ်မယ့် ပထမဆုံး ပရီးမီးယားလိဂ် ပွဲစဉ်ဖြစ်လာဖို့ ရှိနေတာပါ။ 

မန်ယူအသင်းအနေနဲ့  လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။