ထောင်နန်းထပ်စံ ရဖို့ ရှိနေတဲ့ ဘရာဇီးဂန္ထဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟို

 

၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။

ပါရာဂွေးနိုင်ငံထဲ နိုင်ငံကူးလက်မှတ်အတုလုပ်ပြီး ဝင်ခဲ့တဲ့ ပြစ်မှုနဲ့ ထောင်ခြောက်လ အကျခံခဲ့ဖူးတဲ့ ဘရာဇီးဂန္ထဝင် ရော်နယ်ဒင်ဟိုဟာ လက်ရှိမှာ ထောင်နန်းထပ်စံရမယ့် ကိန်း ဆိုက်နေရပါပြီ။ 

လက်ရှိ ရော်နယ်ဒင်ဟို ရင်ဆိုင်နေရတဲ့ အမှုကတော့ အတူနေ ချစ်သူဟောင်းနဲ့ နှစ်ဦးကြားကတိပြုထားတဲ့ ထောက်ပံ့ကြေးတွေ ပေးဖို့ ပျက်ကွက်ခဲ့တဲ့ ပြစ်မှုပဲဖြစ်ပါတယ်။ 

သတင်းတွေရဲ့ ဖော်ပြချက်အရ အသက် ၄၁ နှစ်အရွယ် ရော်နယ်ဒင်ဟိုအနေနဲ့ ချစ်သူဟောင်း ပရစ်ဆယ်လာကိုရယ်ဟိုကို ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ထောက်ပံကြေးတွေကို ပေးရမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Daily Mail သတင်းဌာနကတော့ ရော်နယ်ဒင်ဟိုဟာ အတူနေချစ်သူဟောင်း ပရစ်ဆယ်လာကိုရယ်ဟိုကို တစ်လ ပေါင် တစ်သောင်းသုံးထောင်ငါးရာ ထောက်ပံ့ ပေးနေရတယ်လို့ ဆိုပါတယ်။ 

တကယ်လို့ ရော်နယ်ဒင်ဟိုအနေနဲ့  ပေးရမယ့် ထောက်ပံ့စရိတ်တွေကို မပေးနိုင်ခဲ့ရင် ထောင်ဒဏ်ကျခံရမှာဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒင်ဟိုအနေနဲ့ ဒူဘိုင်းမှာ ရောက်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။