ပီအက်စ်ဂျီနဲ့ ပွဲမှာ အသင်းကစားသမားတွေ တစ်ကိုယ်ကောင်းမဆန်ခဲ့ဘူးလို့ တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ် ဖွင့်ဟ

 

၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။

ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ပွဲမှာ မန်စီးတီးကစားသမားတွေအားလုံး တစ်ကိုယ်မဆန်ခဲ့ဘူးလို့ တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ်က အသိပေးဖွင့်ဟလိုက်ပါတယ်။ 

ပွဲစဉ်ရဲ့  မိနစ် ၅၀ မှာ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေရဲ့ သွင်းဂိုးနဲ့ ပြင်သစ်ကလပ်က ဦးဆောင်နိုင်ခဲ့ပေမယ့် ၆၃ မိနစ်မှာ စတာလင်၊ ၇၆ မိနစ်မှာ ဂါဘရီရယ်ဂျီးဆပ်တို့က မန်စီးတီးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် အင်္ဂလန်ကလပ်အနေနဲ့ နိုင်ပွဲ ရရှိခဲ့တာပါ။ 

ဂါဘရီရယ် ဂျီးဆပ်ရဲ့ အနိုင်ဂိုးအတွက် ဘာနာဒိုဆေးလ်ဗားက အရေးပါခဲ့ပြီး ဖြတ်တင်ပေးပို့လာတဲ့ ဘောလုံးကို အကျဉ်းအနေအထားနဲ့ ဘာနာဒိုဆေးလ်ဗားက တိုက်ရိုက်ကန်သွင်းလို့ရပေမယ့် မကန်ဘဲ ဂါဘရီရယ်ဂျီးဆပ်ကို ချပေးခဲ့လို့ ဂါဘရီရယ် ဂျီးဆပ်အနေနဲ့ သက်သောင့်သက်သာ အဆုံးသတ်နိုင်ခဲ့တာပါ။ 

“သွင်းဂိုးအတွက် ဘာနာဒိုဆေးလ်ဗားကို ကျေးဇူးတင်ပါတယ်။ သူ့အရည်အချင်းကို သိနေလို့ ကျွန်တော်စောင့်နေခဲ့ရတာပါ”လို့ ဂါဘရီရယ်ဂျီးဆပ်က ပြောပါတယ်။

ဒါ့အပြင် ဒီနိုင်ပွဲမှာ အသင်းရဲ့ ကစားသမားတွေအားလုံး ကူညီပေးခဲ့ပြီး တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်မှ မရှိခဲ့ဘူးလို့ သူက ဆက်ပြောခဲ့တာပါ။ ဂါဘရီရယ် ဂျီးဆပ်ဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ပွဲထွက် ကစားခွင့်မရခဲ့ပေမယ့် ပွဲကစားချိန် ၅၄ မိနစ်မှာမှ လူစားဝင်ကစားခဲ့ပြီး အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။