ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ နာမည်ကြီးနည်းပြ လေးယောက်ကို မန်ယူ ဆက်သွယ်နေ

၂၅၊ နိုဝင်ဘာ၊ ၂၀၂၁။
မန်ယူအသင်းဟာ အသင်းရဲ့ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့အတွက် နာမည်ကြီးနည်းပြ လေးယောက်ကို ကမ်းလှမ်းဆက်သွယ်ထားကြောင်း သိရပါတယ်။
မန်ယူကနေ ယာယီနည်းပြအဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းခံရသူတွေထဲမှာ လိုက်ပ်ဇစ်ဂျ်နည်းပြဟောင်း ရပ်ဖ် ရန်ဂနစ်၊ ဒေါ့မွန်နည်းပြဟောင်း ဖာဗရေး၊ ဘာစီလိုနာနည်းပြဟောင်း ဗယ်လ်ဗာဒီနဲ့ လိုင်ယွန်နည်းပြဟောင်း ရူဒီဂါစီယာတို့ ပါဝင်နေပြီး ရိုးမားနည်းပြဟောင်း ပေါ်လို ဖွန်ဆီကာကိုလည်း ယာယီနည်းပြလျာထားစာရင်းထဲမှာ မန်ယူက ထည့်သွင်းထားပါတယ်။
မန်ယူဟာ လက်ရှိမှာတော့ ကာရစ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပြီး ကာရစ်ရဲ့နည်းပြအတွေ့အကြုံကို မယုံကြည်တာကြောင့် ယာယီနည်းပြနေရာမှာ ဝါရင့်တစ်ယောက်ကိုထားရှိဖို့ ကြံစည်နေတာပဲဖြစ်ပါတယ်။
မန်ယူဟာ နည်းပြသစ်ခန့်အပ်ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အခက်အခဲတွေရှိနေပြီး မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစု အလိုရှိနေတဲ့ ဇီဒန်းကတော့ မန်ယူကို တာဝန်ယူလိုခြင်း မရှိကြောင်း သိရှိရပါတယ်။
မန်ယူဟာ နည်းပြ ပိုချက်တီနိုကို ဆက်သွယ်ရာမှာလည်း အဆင်မပြေမှုတွေရှိနေပြီး လက်စတာနည်းပြ ဘရင်ဒန် ရော့ဒ်ဂျားစ်ကလည်း သူ့အနေနဲ့ လက်ရှိအချိန်မှာ လက်စတာအသင်းအကြောင်းကိုပဲ ခေါင်းထဲထည့်ထားတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။