လဲကျသတိလစ်သွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်ကွင်းလယ်လူ ဂျွန်ဖလက်ခ်ရဲ့ အခြေအနေ စိတ်ချရပြီ

၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။

ရှက်ဖီးယူနိုက်တက်က ရီးဒင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်မှာ ဘောလုံးကွင်းထဲ သတိလစ် လဲကျသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်ကွင်းလယ်လူ ဂျွန်ဖလက်ခ်ရဲ့ အခြေအနေဟာ ပုံမှန်အနေအထားဆီ ပြန်ရောက်နေပြီလို့ ရှက်ဖီးယူနိုက်တက်အသင်းက ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ဂျွန်ဖလက်ခ်ဟာ ဘောလုံးကွင်းအတွင်း လဲကျသွားခဲ့တာကြောင့် နှစ်ဖက်အသင်းကစားသမားတွေက ဆေးအဖွဲ့တာဝန်ကျဝန်ထမ်းတွေကို အလျင်အမြန် အကူအညီတောင်းခဲ့ရပါတယ်။ ၁၀ မိနစ်လောက် အချိန်ယူကုသပြီးတဲ့နောက်မှာတော့ အတိုင်းအတာတစ်ရပ်အထိ စိတ်ချသွားရတဲ့အတွက် ဂျွန်ဖလက်ခ်ကို ထမ်းစင်နဲ့သယ်ထုတ်နိုင်ခဲ့ပါတယ်။

ဘောလုံးကွင်းထဲကနေ အပြင်ကို သယ်ထုတ်ပြီးတဲ့နောက်မှာ ဂျွန်ဖလက်ခ်ကို ဆေးရုံပို့နိုင်အောင် ဆေးအဖွဲ့တာဝန်ရှိသူတွေက ဆက်လက် စီစဉ်ပေးနိုင်ခဲ့ပြီး အခုအခါမှာ ဂျွန်ဖလက်ခ်ရဲ့ အခြေအနေက ပုံမှန်နီးပါး ပြန်ဖြစ်နေပြီလို့ ရှက်ဖီးယူနိုက်တက်နည်းပြ ဂျိုကာနိုဗစ်ကလည်း ပြောကြားခဲ့ပါတယ်။

အခုနှစ်ထဲမှာ ဘောလုံးကွင်းတွင်း ကျန်းမာရေးအဆင်မပြေမှုကြောင့် လဲကျတဲ့ ကစားသမားတွေရှိလာလို့ တာဝန်ရှိသူတွေက စိုးရိမ်ပူပန်နေပြီး သိပ်မကြာခင်က ဘောလုံးကွင်းထဲ နှလုံးပြဿနာကြောင့်လဲကျခဲ့တဲ့ ဘာစီလိုနာတိုက်စစ်မှူး အဂူရိုကတော့ ကစားသမားဘဝကနေ အနားယူရဖို့ နီးစပ်နေပြီပဲဖြစ်ပါတယ်။