အိုရီဂီကို လာမယ့်ဇန်နဝါရီမှာ အသင်းပြောင်းခွင့် မပေးဖို့ လီဗာပူး ဆုံးဖြတ်ထား

 

၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။

လီဗာပူးအသင်းဟာ အသင်းတိုက်စစ်မှူး အိုရီဂီကို လာမယ့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မှာ အသင်းပြောင်းခွင့် မပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရှိရပါတယ်။

နယူးကာဆယ်အသင်းဟာ အိုရီဂီကို ဝယ်ယူဖို့အတွက် ချိတ်ဆက်မှုတွေ ရှိနေပြီး ကာယကံရှင် ကစားသမားကိုယ်တိုင်ကလည်း ပုံမှန်ပွဲထွက်ကစားခွင့်တစ်ရပ်ရနိုင်ရေးအတွက် လီဗာပူးကို စွန့်ခွာကာ အသင်းသစ်တစ်သင်းဆီ ပြောင်းရွှေ့ချင်နေတာပါ။

အိုရီဂီဟာ လက်ရှိဘောလုံးရာသီအတွင်း လီဗာပူးအတွက် ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားသမားအဖြစ် ကစားရခြင်း မရှိသေးဘဲ အရန်အဖြစ် နှစ်ပွဲသာ ကစားခွင့်ရခဲ့ပါတယ်။

အဲ့ဒီလို အရန်အဖြစ် နှစ်ကြိမ် ပါဝင်ကစားခွင့်ရခဲ့ရာမှာ အိုရီဂီရဲ့စုစုပေါင်း ပွဲထွက်ချိန်ပမာဏက ၁၆ မိနစ်သာ ရှိခဲ့ပါတယ်။ နယူကားဆယ်ဟာ ပထအဆင့်အဖြစ် အိုရီဂီကို အငှားစာချုပ်နဲ့ခေါ်ယူပြီး ခြေစွမ်းကို နှစ်ခြိုက်သဘောကျခဲ့ရင် အပြီးသတ်ဝယ်ယူဖို့ စိတ်ကူးရှိနေတာပါ။

လီဗာပူးဟာ လာမယ့်ဇန်နဝါရီလရောက်ရင် မာနေးနဲ့ ဆာလားဟ်တို့ကို အာဖရိကနိုင်ငံများဖလားပွဲ ပါဝင်ကစားဖို့အတွက် သက်ဆိုင်ရာ မိခင်နိုင်ငံလက်ရွေးစင်အသင်းတွေဆီ ပြန်လွှတ်ပေးရဖို့ ရှိနေတာကြောင့် အဲ့ဒီကာလမှာ အိုရီဂီကို ပွဲထုတ်ရဖို့ ရှိနေတဲ့အတွက် အသင်းပြောင်းခွင့် မပေးဖို့ ဆုံးဖြတ်ထားတာပဲဖြစ်ပါတယ်။