၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။
လက်တလောကာလမှာ ကစားသမားအပြောင်းအရွှေ့တွေထက် နည်းပြအပြောင်းအရွှေ့တွေက ပိုမိုပြီး စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ဇီဒန်း၊ ပိုချက်တီနို၊ ဟီရစ်တန်းဟတ်ခ် စတဲ့စတဲ့ နည်းပြတွေဟာ နာမည်ကြီး အသင်းတွေနဲ့ နာမည်တွေ ထွက်နေခဲ့တာပါ။
ဒီထဲမှာ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းတို့ရဲ့ နာမည်ထွက်နေမှုက ပိုမိုပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ ကစားသမားနှစ်ယောက်ထဲက တစ်ယောက်ကို နည်းပြခွင့်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။
ဇီဒန်းကတော့ စီရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်မှာ နည်းပြဖူးတော့ သူ့အတွက် မက်ဆီကို နည်းပြဖို့သာ ကျန်ရှိနေပါတယ်။ ပိုချက်တီနိုကတော့ လက်ရှိ ပီအက်စ်ဂျီအသင်းကို ဦးဆောင်နေရတာဆိုတော့ မက်ဆီကို နည်းပြခွင့်ရနေပါပြီ။
ဒါပေမဲ့ ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းမှာရှိတဲ့ နာမည်ကြီး ကစားသမားတွေကို ထိန်းသိမ်းရခက်နေတယ်ဆိုတဲ့ သတင်းထွက်နေမှုတွေကြောင့် သူ့အတွက် အကျပ်ရိုက်နေခဲ့ပြီလားဆိုတာ စဉ်းစားစရာပါ။
ပိုချက်တီနိုဟာ မန်ယူအသင်းနဲ့လည်း နာမည်ထွက်လာခဲ့တော့ သူ့ရဲ့ အနာဂတ်နည်းပြဘဝကို မက်ဆီနဲ့အတူ ဖြတ်သန်းမလား၊ မန်ယူကိုပြောင်းပြီး စီရော်နယ်ဒိုနဲ့ပဲ ဖြတ်သန်းမလားဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပါတယ်။
ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းကို မပြောင်းခင်ကတည်းက မန်ယူရဲ့ အနာဂတ်နည်းပြတစ်ယောက်အဖြစ် ထင်ကြေးပေးခံနေရတာပါ။ ဇီဒန်းကလည်း မန်ယူကို မလာချင်ဘူးလို့ အပြတ်ပြောထားတော့၊ မန်ယူဟာ ပိုချက်တီနိုဘူတာကိုပဲ ပြန်လည်ဆိုက်ရမယ့် အခြေအနေဖြစ်ခဲ့ရပါတယ်။
သတင်းဌာနတွေကတော့ ပိုချက်တီနိုရဲ့ လက်ရှိ အနေအထားကို အကောင်းဆုံး အကျပ်ရိုက်မှုတစ်ခုအဖြစ် တင်စားပြောဆိုနေကြပါပြီ။ ဒါကတော့ မက်ဆီရှိတဲ့ ပီအက်စ်ဂျီအသင်းကိုပဲ ဆက်လက် စီမံခန့်ခွဲမလား။ စီရော်နယ်ဒိုရှိရာ မန်ယူအသင်းဆီကိုပဲ သွားတော့မလားဆိုတာပါ။
လက်ရှိအချိန်ထိ မန်ယူအသင်းအတွက် အရေးပါအရာရောက်နေသေးတဲ့ ပုဂ္ဂိုလ်ကြီး ဖာဂူဆန်ဟာလည်း နည်းပြပိုချက်တီနိုကို သိပ်ကြိုက်ပါတယ်။ ဒါပေမဲ့ ကာယကံရှင်နည်းပြ ဖြစ်တဲ့ ပိုချက်တီနိုကတော့ အတွင်းစိတ်မှာ လွန်ဆွဲနေပါသေးတယ်။ ပီအက်စ်ဂျီအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ရင် ဘာဆက်လုပ်မလဲဆိုတဲ့ မေးခွန်းအတွက် ပိုချက်တီနိုမှာ အဖြေမရှိသေးပါဘူး။
ဂလေဇာတွေဘက်ကလည်း ဒီနည်းပြအတွက် လျော်ကြေးငွေတွေ ပေးပြီး အသင်းဆီခေါ်ယူဖို့ အဆင်သင့်ဖြစ်နေတယ်လို့လည်း သတင်းတွေက ခပ်စိပ်စိပ်ကို ဖော်ပြနေပါတယ်။ သူတို့ရေးသားသလို လက်ရှိ ပိုချက်တီနိုရဲ့ အကျပ်ရိုက်နေမှုကြီးဟာ အကောင်းဆုံး အကျပ်ရိုက်နေမှုကြီးလို့ပဲ ဆိုလိုက်ရမှာပါ။ ဘာပဲပြောပြော စီရော်နယ်ဒိုလား မက်ဆီလား ပိုချက်တီနိုကြိုက်တာပြောလို့သာ ပြောလိုက်ချင်ပါတော့တယ်။