၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။
KNU ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်အုပ်စုကို တိုက်ထုတ်ရုံကလွဲပြီး အခြားရွေးချယ်စရာနည်းလမ်း မရှိဘူးလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ (၅) ဗျူဟာမှူး ဗိုလ်မှူးကြီး စောထူးကရှောက ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလဆန်းပိုင်းက စတင်ကာ အကြမ်းဖက်စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ BGFတို့ ပူးပေါင်းပြီး KNUထိန်းချုပ်နယ်မြေတွေမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေမှုနဲ့တွေနဲ့ ပက်သက်ပြီး ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ KICကမေးမြန်းမှုတွေမှာ ဗိုလ်မှူးကြီး စောထူးကရှောက အခုလို ပြောကြားထားတာပဲဖြစ်ပါတယ်။
“ဒီဗမာစစ်တပ်က တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းသူပြည်သူတွေအပေါ် သွေးထွက်သံယိုမှုတွေ လုပ်ဆောင် နေတယ်။ တိုင်းရင်းလူမျိုးစုတိုင်းလည်း ဒါကို ရင်ဆိုင်ကြုံတွေ့နေရတယ်။ သူတို့ကို ကျနော်တို့ နေရာပေး လို့မရဘူး။ ကျနော်တို့ နယ်မြေထဲမှာဆို ကျနော်တို့က တာဝန်ရှိသူတွေဖြစ်သလို ဌာနေလူထု တွေဖြစ်ကြတဲ့ အတွက် ကာကွယ်ရမယ်။ တိုက်ထုတ်သွားရမှာဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီး စောထူးကရှောက ပြောပါတယ်။
စစ်အုပ်စုဟာ KNUထိန်းချုပ်နယ်မြေတွေအတွင်းမှာ သူတို့လက်အောက်ခံ BGFတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နှိပ်စက်မှုတွေကို ဆက်တိုက်ပြုလုပ်နေခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ ရိက္ခာထောက်ကူသယ်ရာလမ်းတစ်ခုဖြစ်တဲ့ ဖာပွန်-ကမမောင်းလမ်းပိုင်းကို KNLAက ပိတ်ဆို့ထားခဲ့ရပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပက်သက်ပြီး ဗိုလ်မှူးကြီး စောထီးကရှောက “BGF ကတော့ စစ်တပ်ရဲ့ ကြိုးကိုင်မှုအောက်မှာ ရှိတယ်ဆိုတာ အရင်က နားလည်ပေးလို့ရတယ်။ ရှေ့တန်းနယ်မြေမှာဆိုရင်လည်း ကျနော်တို့နဲ့ ချိတ်ဆက်မှုရှိတယ်။ စစ်တပ်က ဘယ်လိုအစီအစဉ်ပဲရှိရှိ ဝင်မပါနဲ့ပေါ့နော်။ နောက်ပိုင်း BGF က စစ်တပ်အစီအစဉ်တိုင်း လိုက်လုပ်ဆောင်တော့ ပစ်ခတ်မှုတွေ ရှိလာတယ်ပေါ့။ လက်ရှိခြေအနေအရ ဗမာစစ်တပ်ကိုတော့ ရှောင်လွှဲလို့မရဘူး။ ကျနော်တို့မလုပ်လည်း သူတို့က လုပ်လာမှာပဲ။ စစ်ရေးစစ်ရာနဲ့ပတ်သက်ပြီး ဖာပွန်-ကမမောင်းလမ်းကတော့ BGF အတွက် မရည်ရွယ်ပါဘူး။ အာဏာရှင်အုပ်စုအတွက်ပဲ ဖြစ်တယ်”လို့ ဆက်လက်ပြောကြားပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ လက်အောက်ခံ BGFတို့ဟာ KNUထိန်းချုပ်နယ်မြေအတွင်းက ကျေးရွာတွေမှာ ဝင်ရောက်တပ်စွဲတာ၊ ဒေသခံတွေ စုဆောင်းထားတဲ့ စားနပ်ရိက္ခာတွေကို လုယက်တာအပြင် ဒေသခံတွေကို ဖမ်းဆီးပြီး ပေါ်တာဆွဲ အလုပ်စေခိုင်းတာ စစ်ကြောင်းထိုးရာနဲ့ စစ်ကြောင်းပြောင်းရွေ့ရာတွေမှာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNUဗဟိုက ထုတ်ပြန်ထားပါတယ်။
Source- KIC