မြန်မာ့အရေး သက်ဆိုင်ရာအဖွဲ့အစည်းတွေ  ညှိနှိုင်းဖြေရှင်းနည်းအမြန်ရှာဖွေဖို့ တရုတ်ထောက်ခံတယ်လို့ပြော

၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံဘက်က သက်ဆိုင်ရာအဖွဲ့အသီးသီးတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်ထဲကနေ ညှိနှိုင်းတိုင်ပင်ဆွေး နွေးခြင်းနဲ့ နိုင်ငံရေးဆိုင်ရာ ဖြေရှင်းရေးနည်းလမ်းကို အလျင်အမြန် ရှာကြံဖို့ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပြောပါတယ်။

နိုဝင်ဘာလ ၁၆ရက်နေ့၊တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အခုလိုပြောကြားခဲ့တယ်လို့ CRI Myanmar ကဖော်ပြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးသံတမန် စွန်းဂေါ်ရှန်းဟာ နိုဝင်ဘာလ ၁၅ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိပြီး အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အဲဒီနောက်  နိုဝင်ဘာလ ၁၆ရက်နေ့က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ကျောက် လိကျန်းက တရုတ်နိုင်ငံဟာ  မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်းလည်းပြောပါတယ်။

နိုဝင်ဘာ၁၆ရက်နေ့က အွန်လိုင်းကနေပြုလုပ်တဲ့အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ( NUCC ) သတင်းစာရှင်းလင်းပွဲမှာ NUCC ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကNUCCအနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ပြန်သွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။