NUG အထူးငွေတိုက်စာချုပ် နိုဝင်ဘာ၂၂ရက်နေ့ စတင်ရောင်းချမယ်

၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နွေဦးတော်လှန်ရေး အထူးငွေတိုက် စာချုပ်တွေကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ စတင်ထုတ်ဝေရောင်းချသွားမယ်လို့သိရပါတယ်။

ငွေတိုက်စာချုပ်တွေကို အမေရိကန်ဒေါ်လာ ၁၀၀၊ ၅၀၀၊ ၁၀၀၀နဲ့ ၅၀၀၀ တန်ဆိုပြီးအတိုးမဲ့ ထုတ်ဝေရောင်းချသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊စီမံကိန်း၊ဘဏ္ဍရေးနှင့်ရင်းနီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ငွေတိုက်စာချုပ်တွေရဲ့ သက်တမ်းမှာ ၂ နှစ်ဖြစ်ပြီး သက်တမ်းမစေ့မီ တစ်ဆင့်ပြန်လည် လွှဲပြောင်း၊ရောင်းချ၊ဝယ်ယူခွင့် မရှိကြောင်းသက်တမ်းစေ့ပြီးနောက်တစ်ဆင့်ပြန်လည် လွှဲပြောင်း၊ ရောင်းချ၊ ဝယ်ယူလိုပါက သတ်မှတ် စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ပိုင်ခွင့်ရှိကြောင်းထုတ်ပြန်ထားပါတယ်။

‘NUG အစိုးရအတွက်ရန်ပုံငွေရောသူ့အပေါ်လူထုထောက်ခံမှုဘယ်လောက်ရှိသလဲဆိုတာ သက်သေပြမယ့်ငေွတိုက်စာချုပ်ပါ ‘လို့ မန္တလေးတိုင်းအတွင်းရှိ၂၀၂၀ရွေးကောက်ခံအမတ်တစ်ဦးကပြောပါတယ်။

သက်တမ်းစေ့ပြီးနောက် ပြန်လည်ရွေးနုတ်တဲ့အခါ ဝယ်ယူစဉ်က အသုံးပြုထားတဲ့အမည်နဲ့သက်သေခံ ကဒ်ပြားအမှတ် မှန်ကန်ကိုက်ညီကြောင်း အထောက်အထားတင်ပြနိုင်သူသာ ပြန်လည်ရွေးနုတ်ခွင့်ရှိမယ်လို့လည်း ဆိုပါတယ်။