နတ်မောက်စျေးကြီး မီးလောင်မှု ဆိုင်ခန်းပေါင်း ၂၄၀ကျော်မီးလောင်ပျက်စီး

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။

မကွေးတိုင်း နတ်မောက်မြို့ စျေးရပ်ကွက်မှာရှိတဲ့ နတ်မောက်မြို့မစျေးကြီး မီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်းပေါင်း ၂၄၀ကျော် ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က နိုဝင်ဘာလ ၁၃ရက်နေ့ ည၉နာရီ ၄၃မိနစ်ခန့်မှာ စတင်မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး မကွေးတိုင်းမီးသတ်တပ်ဖွဲ့အပါအဝင် အနီးဝန်းကျင်ရှိ မီးသတ်စခန်းတွေက မီးသတ်ကား ၁၃စီးနဲ့ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်ကျွမ်းမှုအချိန် ၂နာရီကျော် ကြာမြင့်ခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကို ကူညီငြှိမ်းသတ်ဖို့နဲ့ စျေးဆိုင်ခန်းပိုင်ရှင်တွေက လာရောက်ကြည့်ရှု့သူတွေကို အကြမ်းဖက်စစ်အုပ်စုက ကနဦးမီးလောင်ကျွမ်းနေချိန်မှာ သေနတ်ပစ်ဖောက်တားဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မီးလောင်တယ်ဆိုတော့ အကုန်လုံးစိတ်ပူပြီးထွက်ကြတာပေါ့ ပထမသေနတ်သုံးချက်ဖောက်လိုက်တော့ အကုန်လုံးလန့်ပြီး အနားမကပ်ရဲတော့ဘူး၊ ပြီးတော့ ဝိုင်းကူတာကို ခွင့်ပေးတာ၊ လောင်တာက စျေးအတွင်းပိုင်းထဲကနေ စလောင်တာမို့ မီးကကြီးသွားတယ်၊ ဘာ့ကြောင့် လောင်တယ်ဆိုတာကိုတော့ အခုထိ မသိသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မီးသတ်တပ်ဖွဲ့အနေနဲ့လည်း မီးလောင်ကျွမ်းတဲ့ အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုကို သီးသန့် ထုတ်ပြန်လာခြင်းမျိုး မရှိသေးပါဘူး။