၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။
မအူပင်မြို့ မြို့မရဲစခန်းက သူခိုးလို့စွပ်စွဲကာ ဖမ်းဆီးလာပြီး ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ နေ့လည် ၁နာရီမှာ မီးသင်္ဂြိုဟ်သွားမယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးတစ်ဦး နေအိမ်မှာ ရွှေထည်နဲ့ အတွင်းပစ္စည်းအချို့ ခိုးယူခံခဲ့ရတယ်လို့ဆိုကာ နေအိမ်မှာ ခေါ်ယူခိုင်းထားတဲ့ စည်ပင်ဝန်ထမ်းနဲ့ ဇနီးဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီးကို မအူပင်မြို့နယ် ရဲတပ်ဖွဲ့က ၉ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ရိုက်နှက်စစ်ဆေးရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဖြစ်သူ သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။
“ရဲကတော့ သူတို့လုပ်လို့ သေတာမဟုတ်ဘူးလို့ ငြင်းထားတယ်၊ တကယ်က သူတို့ရိုက်လို့ နှိပ်စက်ခံရပြီး ကိုယ်ဝန်နဲ့ဆိုတော့ ဆုံးသွားတာ၊ ကလေးမလေး အမျိုးသားရော သူ့ကိုရော ရိုက်စစ်တာ၊ သူ့ယောင်္ကျားကို ဖမ်းထားတုန်းပဲ၊ ကောင်မလေးအလောင်းကိုတော့ ဆေးရုံကနေ ပြန်ရတယ် ဒီနေ့သင်္ဂြိုဟ်မယ်၊ ရဲထဲကတင် ပြန်ပြောတယ် မူးမူးနဲ့ တစ်ယောက်တစ်လှည့်ရိုက်ကြပြီး တားတာလဲ တားလို့မရဘူးတဲ့”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မအူပင်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူတွေကို နေ့စဉ်ဖမ်းဆီးနေပြီး အချုပ်ခန်းပါ မလုံလောက်တာကြောင့် အချုပ်ခန်းနေရာတွေ တိုးချဲ့ထားရတယ်လို့ သိရပါတယ်။