လမ်းမတော် ထွေအုပ်ရုံးအနီး ရပ်နားထားသည့် ကားတစ်စီးအနီးမှာ ဗုံး၆ကြိမ်ပေါက်ကွဲပြီး ကားမီးလောင်

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးမှာ ရပ်တန့်ထားတဲ့ မော်တော်ယာဉ်တစ်စီးအနီးမှာ ဗုံး ၆ကြိမ်ပေါက်ကွဲပြီး ကားတစ်စီးမီးလောင်သွားခဲ့တယ်လို့ အနီးဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၀ရက် မနက် ၇နာရီ ၃၀မိနစ်ခန့်မှာ စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးလာဖြုတ်သိမ်းသူ စစ်သားတစ်ဦး လက်ထိသွားတယ်လို့လည်း ကနဦးပေးပို့တဲ့ သတင်းတွေအရ သိရပါတယ်။

“ကားပေါ်က ပေါက်တာလား ကားနားကပေါက်တာလားတော့ သေချာမသိကြဘူး၊ လာပြီးတော့ ဗုံးဖြုတ်တဲ့ စစ်သားတစ်ယောက်တော့ လက်ပြတ်သွားတယ်ကြားတယ်၊ ပေါက်တာကတော့ ၆ကြိမ်လောက်ရှိမယ် တစ်လုံးပြီးတစ်လုံးပေါက်တာ၊ စစ်တပ်က မနက်ထဲက အနားမှာ အကုန်ဝိုင်းပိတ်ပြီး စစ်နေတော့ ဘာမှ သေချာအောင် မမေးရဲကြဘူး”လို့ အနီးဝန်းကျင်နေထိုင်သူတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်၊ ဘာ့ကြောင့် ဖောက်ခွဲခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဓာတ်ပုံ-လူမှုကွန်ရက်