မုံးကိုးဒေသ စစ်ရေးတင်းမာမှု လျော့ချဖို့အတွက် MNDAAရဲ့ တစ်ခွဲ ၃ခု ဆုတ်ခွာပေးခဲ့ရ

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAAတို့အကြား နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် မုံးကိုးဒေသအတွင်း စစ်ရေးတင်းမာနေမှုတွေကို လျှော့ချနိုင်ဖို့အတွက် MNDAAရဲ့ မုံးကိုးဒေသမှာ တပ်စွဲထားတဲ့ တပ်ခွဲ ၃ခုကို ပြန်လည်ဆုတ်ခွာစေခဲ့ တယ်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီထျန်းဖူက ပြောပါတယ်။

မုံးကိုးဒေသက တပ်စခန်း ၃ခုကို ရုပ်သိမ်းခဲ့တဲ့အပြင် မုံကိုးမှ ပန်ဆိုင်း တံတားအကြားမှာရှိတဲ့ စနိုက်ပါ တပ်သားချုံခိုပွိုင့် ၂ခုကိုလည်း ဆုတ်ခွာဖို့ MNDAA ဌာနနချုပ်က ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

MNDAAအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိစေဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မုံးကိုးဒေသအတွင်းမှာ စစ်အင်အားတိုးချဲ့နေပြီး လက်နက်ကြီးတွေ အလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့ပြီး MNDAAနဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။