၉၊ နိုဝင်ဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို စစ်အုပ်စုက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှု ၅မှုစွပ်စွဲကာ ထောင်ဒဏ် ၇၅နှစ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာလ ၉ရက်နေ့မှာ စစ်အုပ်စုက မတရားစွဲဆိုထားတဲ့ အမှု ၅မှုအတွက် တစ်မှုကို ထောင်ဒဏ်၁၅နှစ်စီနဲ့ သီးခြားစီကျခံစေဖို့ အမိန့်ချမှတ်လိုက်တာလို့ ဝန်ကြီးချုပ်ရဲ့ ဥပဒေအကျိုးဆောင်တွေက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဘဏ္ဍာရေးနဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကိုလည်း မတရားစွပ်စွဲထားတဲ့ အမှု ၆မှုအတွက် တစ်မှုကို ထောင်ဒဏ် ၁၅နှစ်စီနဲ့ သီးခြားစီကျခံစေဖို့ အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်နဲ့ ဝန်ကြီးကို စစ်အုပ်စုက ၅၀၅-ခနဲ့ပါ တရားစွဲဆိုထားသေးပြီး ထောင်ဒဏ် ၂နှစ် ချမှတ်ထားပြီးလည်း ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စု ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမင်ကိုခိုင်၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်နဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်တို့ကိုလည်း ပုဒ်မ ၅၀၅-ခနဲ့ ထောင်ဒဏ် ၂နှစ်စီချမှတ်ထားပါတယ်။
ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ဘားအံထောင်ထဲမှာ ထိန်းသိမ်းထားပြီး ကျန်းမာရေး မကောင်းမွန်တာကြောင့် ဆေးဝါးကုသမှု ခံယူရဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။