စစ်အုပ်စုကိုယ်စားလှယ်ကိုမဖယ်ရင် အာဆီယံညီလာခံမတက်ဘူးလို့ နိုင်ငံတကာစာရင်းကိုင်လုပ်ငန်းတွေကြေညာ

၉၊ ‌‌‌‌‌‌နိုဝင်ဘာလ၊ ၂၀၂၁။

နိုင်ငံတကာစာရင်းကိုင်လုပ်ငန်းတွေဖြစ်တဲ့ CPA Australiaနဲ့ နယူးဇီလန်က CAANZ ကုမ္ပဏီတို့ ဟာ မကြာခင်ကျင်းပမယ့် အာဆီယံ စာရင်းစစ်များ ညီလာခံမှာ မြန်မာအကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ်ကိုလက်ခံတဲ့အတွက်   ညီလာခံမတက်ဘဲ နုတ်ထွက်မယ်လို့ ကြေညာခဲ့ကြောင်း Justice For Myanmar  သတင်းထုတ်ပြန်ပါတယ်။

ကျန်ရှိနေသေးတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း အထင်ကရ စာရင်းကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ACCA, ICAEW, IFAC, IMA နဲ့ JICPA တို့ကိုလည်း အကြမ်းဖက်စစ်အုပ်စုကို ညီလာခံကနေ မဖယ်ရှားသေးသရွေ့ ညီလာခံအတွက် ထောက်ခံပံ့ပိုးနေတာတွေ ရုပ်သိမ်းဖို့ ထပ်ပြီး တောင်းဆိုကြဖို့လည်း Justice For Myanmar  က ထုတ်ပြန် ပါ တယ်။

မြန်မာစစ်အုပ်စုရဲ့ စာရင်းစစ်ချုပ်ဒေါက်တာကံဇော်က အထူးဧည့်သည်တော်အနေနဲ့ အာဆီယံ စာရင်းပညာရှင်များအဖွဲ့ချုပ်ရဲ့ စုံညီ ညီလာခံ (AFA) ကို စပွန်ဆာထောက်ပံ့ပြီး  ညီလာခံတက်ဖို့ စီစဉ်ထားတာပါ။

အဲဒီညီလာခံကို မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း MICPA က ပူးတွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။  

မြန်မာစစ်အုပ်စု လက်အောက်ခံစာရင်းစစ်တွေ ညီလာခံတက်မယ်ဆိုရင် နိုင်ငံတကာ စာရင်းကိုင်အဖွဲ့တွေက မတက်ဘဲ သပိတ်မှောက်ကြဖို့  Justice For Myanmar  အဖွဲ့ဟာ  နိုဝင်ဘာ ၃ ရက်နေ့ က ကြေညာချက်ထုတ်ပြန်နှိုး ဆော်ခဲ့ပါတယ်။

အောက်တိုဘာနောက်ဆုံးပတ်ကပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ခွင့်မရ ပါဘူး။

နိုဝင်ဘာ ၂ ရက်က အွန်လိုင်းကနေ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ (၆) ကြိမ်မြောက် အစည်းအဝေးမှာတော့  စစ်အုပ်စု ဒုစစ်ခေါင်းဆောင် စိုးဝင်းက  တက်ရောက်ခဲ့ပါတယ်။