Pfizer က ထုတ်မယ့် ကိုဗစ်သောက်ဆေးဟာ ကိုဗစ်ကြောင့်ဖြစ်တဲ့ သေဆုံးမှုကို ၈၉ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ဆို

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

Pfizer ဆေးကုမ္ပဏီက ထုတ်မယ့် ကိုဗစ်သောက်ဆေးဟာ ကိုဗစ်ကြောင့်ဖြစ်တဲ့ ဆေးရုံတက်ရောက်ကုသမှုနဲ့ သေဆုံးနိုင်ချေကို ၈၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ ကုမ္ပဏီက နိုင်ဝင်ဘာ ၅ ရက်၊ မနေ့က ထုတ်ပြန်အသိပေးပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ယူကေအစိုးရက ခွင့်ပြုပေးလိုက်တဲ့ မိုလ်နျူပီးယားဗားလို့ခေါ်တဲ့ ကိုဗစ်သောက်ဆေးကို မိတ်ဆက်လိုက်ပြီးတဲ့နောက်မှာ Pfizer ကလည်း အခုလို အသိပေးလိုက်တာပါ။

Pfizer က ထုတ်မယ့် ကိုဗစ်သောက်ဆေးပြားဟာ ဒုတိယမြောက် ကိုဗစ်သောက်ဆေးဖြစ်လာမှာဖြစ်ပြီး ဆေးရဲ့နာမည်ကိုတော့  ပက်ဇ်လိုဗစ်လို့ အမည်သတ်မှတ်ပေးမှာဖြစ်ပါတယ်။ 

ဒီကိုဗစ်သောက်ဆေးဟာ ကိုဗစ်ကုသမှုတွေအတွက် ထိထိရောက်ရောက် သက်ရောက်မှု ရှိနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေးဌာန FDA ရဲ့ ခွင့်ပြုချက်ကိုသာ Pfizer ကုမ္ပဏီက စောင့်ဆိုင်းသွားရဖို့ ရှိနေခဲ့တာပါ။ 

အခုလို နာမည်ကြီး ကိုဗစ်ဆေးဝါးကုမ္ပဏီတွေက ကိုဗစ်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့အတွက် အပြိုင်အဆိုင် ဆေးဝါးတွေ ထုတ်လုပ်နေခဲ့ပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်ရင် ကိုဗစ်ကြောင့် သေဆုံးသွားသူဟာ ငါးသန်းကျော်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO) ကလည်း မကြာသေးခင်က ဥရောပနိုင်ငံတွေနဲ့ ဗဟိုအာရှနိုင်ငံတွေမှာ အခုကနေ လာမယ့်နှစ် ဖေဖော်ဝါရီလအတွင်း လူပေါင်း ငါးသိန်းလောက် သေဆုံးနိုင်ချေရှိနေတယ်လို့ သတိပေးမှုတွေပြုလုပ်ထားပါတယ်။