ရေကြည်မြို့နယ်အတွင်းက နေအိမ်(၇)လုံးကို စစ်အုပ်စုကချိတ်ပိတ်

၆၊ အောက်တိုဘာလ၊ ၂၀၂၁။

ဧရာဝတီတိုင်း၊ရေကြည်မြို့နယ် အတွင်းက ပြည်သူ ၇ ဦးရဲ့ နေအိမ်တွေကို အကြမ်းဖက် စစ်အုပ်စုက နိုဝင်ဘာလ ၁ ရက်နေ့က ချိတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့က ဇရပ်လှရွာက ကိုမျိုးမင်းသန်း ရဲ့အိမ်မှာပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုက လက်လုပ်ဗုံး စမ်းသပ်တယ်ဆိုပြီး စွပ်စွဲချက်နဲ့ စတင်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 “အမှန်ကသူ့အိမ်ကိုပါဆယ်အထုပ်တစ်ထုပ်ရောက်လာပြီး ဖွင့်ကြည့်လိုက်တဲ့အချိန်မှာ ဗုံးထပေါက်တာပါ မိသားစုတွေလည်း တော်တော်ထိသွားတယ်။ ဗုံးထိသွားလို့ ဆေးရုံတင်ထားရတဲ့ ကိုမျိုးမင်းသန်းကိုအရင်ဆုံးဖမ်းတာပါ ကျန်တဲ့သူတွေက ရှောင်နေလို့လွတ်သွားကြတယ် ၊သူတို့အိမ်တွေကတော့ချိတ်ပိတ်ခံ လိုက်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အဆိုပါဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်တယ်လို့ အကြောင်းပြကာ ဇရပ်လှကျေးရွာနေ ကိုမျိုးမင်းသန်း၊ကိုမိုးသီး၊ကိုနိုင်အောင်၊ကိုဝင်းထွဋ်တို့ရဲ့ နေအိမ်တွေအပြင် ကညင်ငူရွာမှ ကိုဇေယျာရဲ့ နေအိမ်နဲ့  ရေကြည်မြို့ပေါ်က ကိုစည်သူ၊ ကိုထွန်းအောင်တို့ရဲ့ နေအိမ်တွေကိုချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

နေအိမ်ချိတ်ပိတ်ခံရတဲ့အနက် ဖမ်းဆီးခံလိုက်ရသူနှစ်ဦးမှာ ရေကြည်မြို့ပေါ်နေ ကိုစည်သူနှင့် ဇရပ်လှကျေးရွာက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ကိုမျိုးမင်းသန်း တို့ကိုဖမ်းဆီးထားတယ်လို့ သိရပြီး ကျန်တဲ့သူ၅ဦးကတော့ရှောင်တိမ်းနေကြရပါတယ်။

“အကြမ်းဖက်မှုတွေမှာ ပါဝင်တယ်ဆိုပြီး အဲ့ဒီလူ ၇ ယောက်ရဲ့အိမ်မှန်သမျှကို ချိပ်ပိတ်လိုက်တာလို့၊ အဖမ်းခံရတဲ့အထဲက ကိုစည်သူက ၅၀၅(က)နဲ့ အဖမ်းခံရပြီး ပြန်လွတ်လာတာပါ လွတ်လာပြီးသူက သူ့အိမ်မှာပဲနေတာပါ ဘာမှမလုပ်ပါဘူး စစ်ကောင်စီက အကုန်လုံးကိုလုပ်ကြံဖန်တီးပြီး ဖမ်းသွားတာ၊ချိတ်ပိတ်သွားတာပါ”လို့ ဒေသခံက ဆက်လက်ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ ရဲတွေဟာ ချိတ်ပိတ်ထားတဲ့နေအိမ်တွေအနီးမှာ အရပ်ဝတ်တွေနဲ့ ကင်းပုန်းချထား​တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။