၂၆၊ အောက်တိုဘာ၊ ၂၀၂၁။
ရလဒ်တွေ အရမ်းဆိုးရွားနေတဲ့ ဘာစီလိုနာအသင်းဟာ ဒဏ်ရာပြဿနာကြောင့် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို ဆုံးရှုံးရတော့မှာဖြစ်လို့ ထိုးနှက်ချက် ပိုပြင်းထန်သွားခဲ့ပြီဖြစ်ပါတယ်။
ဒီဂျောင်ဟာ ရီးရဲလ်မက်ဒရစ်ကနေ ဘာစီလိုနာကို နှစ်ဂိုး တစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့တဲ့ အယ်လ်ကလပ်စီကိုဒါဘီ လာလီဂါပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရသွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဒီဂျောင်ရဲ့ဒဏ်ရာကို စစ်ဆေးမှုတွေ ဆောင်ရွက်နေရဆဲပဲဖြစ်ကြောင်း ဘာစီလိုနာဆေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဘာစီလိုနာဟာ ပီဒရီ၊ ဘရိတ်ဝိတ်နဲ့ ဒမ်ဘီလီတို့ကို ဒဏ်ရာပြဿနာတွေကြောင့် အနားပေးထားရဆဲဖြစ်ပြီး ဒီဂျောင်ကို ဒဏ်ရာပြဿနာကြောင့် ထပ်မံဆုံးရှုံးလိုက်ရတာဟာ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းအတွက်တော့ ပိုပြီးဆိုးရွားလွန်းတဲ့အခြေအနေဆီ အသင်းကို တွန်းပို့လိုက်သလို ဖြစ်သွားခဲ့ပါတယ်။
ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာတိုက်စစ်မှူး အဂူရိုကတော့ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီဖြစ်လို့ အသင်းနဲ့ ပြန်လည်ပူးပေါင်းနေပြီဖြစ်ပြီး နည်းပြ ရော်နယ်ကိုးမန်းကတော့ အသင်းကို ဒဏ်ရာပြဿနာတွေက ဖိစီးနှိပ်စက်နေတဲ့အတွက် ပုံစံကောင်းတစ်ခု ပုံဖော်နိုင်ဖို့ဆိုတာက အရမ်းကို ခက်လွန်းနေကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ကနေ ဘာစီလိုနာကို အနိုင်ယူသွားခဲ့တဲ့ အယ်လ်ကလပ်စီကိုဒါဘီပွဲစဉ်အပြီးမှာ ဘာစီလိုနာပရိသတ်တွေက နည်းပြ ရော်နယ်ကိုးမန်းရဲ့အိမ်ပြန်လမ်းမှာ သူမောင်းနှင်လာတဲ့ကားကို ဝိုင်းဝန်းပိတ်ဆို့ ဆန္ဒပြခဲ့ကြပြီး ရော်နယ်ကိုးမန်းကို အခုအချိန်ထိ ရာထူးမထုတ်ပယ်ဘဲ အချိန်ပေးထားဆဲဖြစ်တဲ့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေကိုလည်း ပရိသတ်တွေက စိတ်ပျက်နေကြပြီဖြစ်ပါတယ်။