
ရန်ကုန်ကနေ ပုသိမ်ကားခတွေအပြင် ရန်ကုန် – ဟင်္သာတ၊ ရန်ကုန် – ဖျာပုံ၊ ရန်ကုန် – မြန်အောင် စတဲ့ ကားခတွေ ဟာလည်း ကျပ်လေးသောင်း ဝန်းကျင်ကနေ တသိန်းနီးပါးထိ စျေးရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
၂၀၊ နိုဝင်ဘာ။
ဒေသတွင်း ဓါတ်ဆီစျေးတက်တာကို အကြောင်းပြပြီး ဧရာ၀တီတိုင်း ဒေသတွင်းမြို့နယ်တွေနဲ့ ဧရာ၀တီ – ရန်ကုန် ပြေးဆွဲနေတဲ့ ကားတွေဟာ အရင်ကထက် ကားလက်မှတ်ခတွေ စျေးတင် ရောင်းချလာကြပါတယ်။
အရင် သီတင်းကျွတ်ကာလ မတိုင်ခင် ရန်ကုန် – ပုသိမ် ကားကြီး ကားလက်မှတ်တစောင်ကို ကျပ်နှစ်သောင်းသာ ရှိခဲ့ရာကနေ အခုအခါ နှစ်သောင်းခွဲ၊ အရင် ကျပ်လေးသောင်းရှိခဲ့တဲ့ ကားလေး လက်မှတ်တစောင်ကို အခုအခါ ကျပ်ငါးသောင်းထိ စျေးတက်နေတာဖြစ်ပါတယ်။
“ဆီစျေးတက်တယ်လို့ပဲ အကြောင်းပြတယ်။ တန်ဆောင်တိုင်နဲ့လည်း ကားခတွေ ထပ်တက်အုံးမှာ။ အခုကတည်းက ကားခတွေ တက်ချင်နေပြီ။ အစစ်အဆေးတွေလည်း ကြမ်းနေတယ်” လို့ ပုသိမ်ဒေသခံတဦးက ပြောပါတယ်။
စစ်အစိုးရဟာ စက်သုံးဆီ အရောင်းဆိုင်ကြီးတွေကို စက်သုံးဆီခွဲတမ်း အပြည့်အ၀ မပေးသလို စက်သုံးဆီဆိုင် တွေကလည်း အပြင်ဆိုင်တွေကို ထုတ်ရောင်းပြီး ပြင်ပပေါက်စျေး တလီတာကို ကျပ် ၁၂,၀၀၀ ဝန်းကျင်လောက်ထိ စျေးရှိနေပါတယ်။
ဒါပေမယ့် ပုသိမ် – ရန်ကုန် ပြေးဆွဲနေတဲ့ ကားကြီးတွေကတော့ စက်သုံးဆီဆိုင်ကြီးတွေမှာ ရောင်းချတဲ့စျေး ကျပ်ငါးထောင်ဝန်းကျင်နဲ့ ဝယ်ယူရနိုင်ပေမယ့် ကားသေးသမားတွေကတော့ ဆီဝယ်ရခက်တယ်တယ်လို့ ဆိုပါတယ်။
“ကျွန်မတို့ကတော့ စျေးတင်ထားတာ နည်းနည်းကြာပြီ။ ကားတွေအကုန်လုံး တက်နေတာပါ။ စျေးထပ်တက်မလား ၊ မတက်ဘူးလားတော့ မပြောတတ်သေးဘူး။ ဆီမရရင်တော့ တတ်မှာပေါ့။ အခုကတော့ ထည့်နေကျဆိုင်တွေမှာ ထည့်လို့ရသေးတယ်” လို့ ပုသိမ် – ရန်ကုန်ပြေးဆွဲနေတဲ့ ကားလက်မှတ် အရောင်းဝန်ထမ်း တဦးက ပြောပါတယ်။
စစ်အစိုးရကတော့ တန်ဆောင်တိုင်ပိတ်ရက် ခရီးသွားမယ့်ပြည်သူတွေအတွက် အဆင်ပြေစေဖို့အတွက် စက်သုံးဆီ တွေ ပိုချထားပေးမယ်လို့ ဆိုထားပါတယ်။
ရန်ကုန်ကနေ ပုသိမ်ကားခတွေအပြင် ရန်ကုန် – ဟင်္သာတ၊ ရန်ကုန် – ဖျာပုံ၊ ရန်ကုန် – မြန်အောင် စတဲ့ ကားခတွေ ဟာလည်း ကျပ်လေးသောင်း ဝန်းကျင်ကနေ တသိန်းနီးပါးထိ စျေးရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဧရာ၀တီ – ရန်ကုန် ကားခတွေ စျေးတက်တဲ့အပြင် လမ်းခရီးတလျှောက် အစစ်အဆေးတွေလည်း ပိုလုပ်နေတာမို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိတဲ့ ခရီးသွားတွေ အနေနဲ့ ရပ်ကွက်၊ ကျေးရွာ ထောက်ခံစာတွေ ယူလာကြဖို့ လိုတယ်လို့ ကားသမားတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
“စစ်တယ်၊ ဂိတ်တိုင်းမှာ စစ်တယ်။ သီတင်းကျွတ်နဲ့တောင် အဖမ်းခံကြရတယ် ကြားတယ်။ တန်ဆောင်တိုင်လည်း ပိုဆိုးမယ်ထင်တယ်” လို့ ဖျာပုံမြို့နယ်ကနေ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ လူငယ်တဦးက ပြောပါတယ်။
ရန်ကုန်ကနေ ဧရာ၀တီတိုင်းအတွင်း ပြေးဆွဲနေတဲ့ ကားခတွေ စျေးတက်တဲ့အပြင် ဧရာ၀တီတိုင်းအတွင်း မြို့ချင်းဆက် လမ်းတွေ၊ မြို့ပေါ်နဲ့ ကျေးရွာတွေကြား ပြေးဆွဲနေတဲ့ ကားခတွေဟာလည်း နှစ်ဆကနေ သုံးဆလောက်ထိ တက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကော်မရှင်ဟာ ဒေသတွင်း တိုက်ပွဲတွေဖြစ်လာပြီးနောက် ကားလမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ထားပြီး ကားသမားတွေ၊ ခရီးသည်တွေဆီကနေ အကြောင်းအမျိုးမျိုးပြ ပိုက်ဆံတောင်းတာတွေ ရှိနေတာပါ။ ကားသ မားတွေအပြင် ခရီးသည်တွေဟာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပါတာ၊ ဟောင်းနွမ်းနေတာ၊ ၁၈ နှစ်ပြည့် မလဲရသေးတာ စတဲ့ အကြောင်းပြချက်တွေနဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေပေးနေကြရတယ်လို့ ဆိုပါတယ်။
ခရီးသွားပြည်သူတွေကို နိုင်ငံသား စိစစ်ရေးကတ်ပြားတွေ စစ်ဆေး၊ ငွေတောင်းနေတာ၊ ကားသမားတွေဆီက ဂိတ်ကြေးတောင်းတာအပြင် ဆိုင်ကယ်၊ ကား၊ ဘေးတွဲ၊ ကုန်တင်ကားတွေကိုလည်း လိုင်စင်အထောက်အထားရှိ၊ မရှိ၊ ဦးထုပ် ဆောင်း၊ မဆောင်း စစ်ဆေးကာ ငွေ တောင်းတာတွေ ရှိနေတယ်လို့ ပြောကြပါတယ်။