
“ကွင်းပြင်တွင် စပါးဖြန့်လှန်းခြင်းကို လုံး၀ရှောင်ကြည်ရပါမည်”
၁၉၊ နိုဝင်ဘာ။
မုန်တိုင်းအရှိန်ကြောင့် ဧရာ၀တီတိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်းအချို့မှာ မိုးရွာနိုင်သေးတာကြောင့် လာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့ထိ ကွင်းပြင်စပါးလှန်းတာတွေကို လုံး၀ရှောင်ကြည်ဖို့ လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးပါတယ်။
ဧရာ၀တီ၊ ရန်ကုန်၊ ပဲခူး၊ မွန်နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးတိမ်တောင်တွေကြောင့် အချိန်အခါမဟုတ် မိုးကွက်ကျား၊ မိုးသည်းထန်နိုင်တယ်လို့ ဆိုပါတယ်။
“ကွင်းပြင်တွင် စပါးဖြန့်လှန်းခြင်းကို လုံး၀ရှောင်ကြည်ရပါမည်” လို့ ဦးဝင်းနိုင် က ပြောပါတယ်။
ရိတ်သိမ်းဆဲ သို့မဟုတ် ခြွေလှေ့ပြီး စပါးပုံတွေကို မြေနိမ့်ရေဝပ်နိုင်တဲ့ နေရာတွေမှာ မထားဘဲ ကုန်းမြင့်တွေမှာ စုပုံပြီး မိုးကာစတွေနဲ့ လေပြင်းဒဏ်ခံနိုင်အောင် ကြိုးနဲ့ခိုင်မြဲစွာ ချည်နှောင်ဖုံးအုပ်ထားဖို့ လိုတယ်လို့ ဆိုပါတယ်။
မိုးဟာ နိုဝင်ဘာ ၂၃ ရက်နေ့ နောက်ပိုင်းမှပဲ စိတ်ချရမှာဖြစ်တာကြောင့် အဲဒီနောက်ပိုင်းမှ နေလှန်းတာ၊ အစိုဓါတ်ချ တာတွေ လုပ်သင့်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကလည်း ဧရာ၀တီတိုင်းအတွင်း မိုးရွာခဲ့တာကြောင့် ရိတ်သိမ်းခါနီး စပါးခင်းတွေ၊ ပဲခင်းတွေ၊ စပါးပုံတွေ ရေမြုပ်ထိခိုက်ခဲ့ရပါတယ်။
နောက်ဆက်တွဲအနေနဲ့ စပါးတွေ အစိုဓါတ်တက်ပြီး စျေးကျသွားခဲ့ပြီး စပါးခင်းနဲ့ ပဲခင်းအချို့ ပျက်စီးခဲ့ရတယ်လို့ ဒေသခံတောင်သူတွေက ပြောကြပါတယ်။
စပါးခင်းတွေနဲ့ စပါးပုံထားသူတွေ သတိထားဖို့လိုသလို မိုးစပါးအပြီး သီးထပ်စိုက်ပျိုးကြမယ့် သူတွေအနေနဲ့လည်း မြေကွက်တွေထဲ မိုးရေတင်ကျန် မနေခဲ့စေဖို့ စိုက်ခင်းပတ်လည် ရေထုတ်မြောင်းတွေကို အမြန်ဆုံး ဖောက်လုပ်ရှင်းလင်းထားကြဖို့၊ မျိုးစေ့ချချိန် ရွေ့ဆိုင်းထားဖို့ လိုတယ်လို့ ဦးဝင်းနိုင်က သတိပေးပါတယ်။
“ပဲစိုက်ဖို့ လုပ်ထားတာ အဆင်သင့်ဖြစ်နေပြီ။ အခု မိုးရှိရင် ဆိုင်းထားရဦးမယ်။ အချိန်တွေ ကြန့်ကြာသွားတာပေ့ါ။ ဒီနှစ်က ဖျက်မိုးများတယ် ပြောရမယ်ဗျ။ တောင်သူတွေ နစ်နာတယ်” လို့ ဟင်္သာတမြို့နယ်မှ ဒေသခံ တောင်သူတဦး က ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ အာ့ခ်ဗန် မုန်တိုင်းရဲ့ အမြီးတန်းတွေဟာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက တဆင့် မြန်မာနိုင်ငံဘက်ဆီ ပင်လယ်ရေငွေ့တွေကို စဉ်ဆက်မပြတ် မောင်းသွင်း တွန်းပို့နေတာကြောင့် မိုးရွာသွန်းနိုင်တာလို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၃ ၊ ၂၄ ရက်တွေမှာတော့ မုန်တိုင်းအကြွင်းအကျန်တွေဟာ အရှေ့မြောက်ဘက်သို့ ရွေ့လျားသွားရာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယအရှေ့မြောက် ဒေသတွေကို ဖြတ်ကျော်ရင်း ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတွေမှာ မိုးရိပ်မိုးတိမ်တွေ တိုးလာပြီး နေရာကွက်ကျား မိုးရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။
ဒါပမေယ့် တောင်ပိုင်းဒေသတွေမှာတော့ မိုးရွာသွန်းမှု စတင်အားလျော့ ကျဆင်းသွားမယ်လို့ ဦးဝင်းနိုင်က ပြောထားပါတယ်။
အခုနှစ်မှာ မိုးနှောင်းမိုး ရွာသွန်းတာအပြင် အယ်နီညို သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် တောင်သူတွေ အနေနဲ့ ရေသိုလှောင်တာ၊ ရေရရှိနိုင်ရေး ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။
ပြီးခဲ့တဲ့၂၀၂၅ – ၂၀၂၆ စိုက်ပျိုးရာသီမှာ ထူးထူးခြားခြား ရာသီဥတု ဖောက်ပြန်မှုမျိုး မရှိခဲ့ပေမယ့် မိုးနှောင်းကာလ ကြာရှည်ခဲ့တာကြောင့် ဆောင်းသီးနှံစိုက်ပျိုးမှုမှာ အခက်အတွေ့ခဲ့ရသလို စပါးစျေးကျဆင်းမှုတွေနဲ့ စက်သုံးဆီအ ခက်အခဲတွေကြောင့် လယ်သမားအများစု ဆုံးရှုံးမှုတွေ များခဲ့ရပါတယ်။