
တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ မြန်မာနိုင်ငံအနေနဲ့ သူ့ရဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေနဲ့အညီ လုပ်ဆောင်ဖို့ သူက တိုက်တွန်းပါတယ်။
၂၀၊ နိုဝင်ဘာ။
ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံတို့ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု အမှုမှာအပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်က ကြိုဆိုလိုက်ပြီး ဒါဟာ ထိခိုက်နစ်နာခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် အားကောင်းတဲ့ အသိအမှတ်ပြုမှုတစ်ခု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
သူ့ရဲ့ တရားဝင် အတည်ပြုထားတဲ့ X လူမှုကွန်ရက် အကောင့်မှာရေးသားဖော်ပြရာမှာ အဆိုပါ စီရင်ချက်ဟာ မဖြစ်မနေလိုက်နာရမယ့် အပြီးသတ် ဆုံးဖြတ်ချက်ဖြစ်ပြီး အယူခံဝင်ခွင့် မရှိဘူးလို့ ဂူတာရက်စ်က ထောက်ပြခဲ့ပါတယ်။
“ဂမ်ဘီယာနဲ့ မြန်မာအမှုမှာ ဒီကနေ့ ချမှတ်လိုက်တဲ့ ICJ ရဲ့စီရင်ချက်ကို ကျတော် ကြိုဆိုပါတယ်၊ ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် အားကောင်းတဲ့အသိအမှတ်ပြုမှုတစ်ခု ဖြစ်ပါတယ်” လို့ သူက ရေးသားထားပါတယ်။
အဆိုပါ စီရင်ချက်ဟာ နိုင်ငံတကာ တရားမျှတမှုကို ပြသလိုက်တာဖြစ်ပြီး အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက်အပြစ်ပေးအရေးယူခံရမှုကနေ ကင်းလွတ်နေတာတွေကို လုံးဝလက်သင့်မခံဘူးဆိုတာ ထပ်လောင်းအတည်ပြုလိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ဆိုပါတယ်။
စီရင်ချက်ရဲ့ သမိုင်းဝင် အရေးပါမှုကို ထောက်ပြရင်း ကမ္ဘာ့တရားရုံးအနေနဲ့ နိုင်ငံတနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း ပထမဆုံးအကြိမ် အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ဂူတာရက်စ်က ပြောပါတယ်။
တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ဖို့ မြန်မာနိုင်ငံအနေနဲ့ သူ့ရဲ့ နိုင်ငံတကာ တာဝန်ဝတ္တရားတွေနဲ့အညီ လုပ်ဆောင်ဖို့ သူက တိုက်တွန်းပါတယ်။
“မြန်မာနိုင်ငံမှာ အပြစ်ပေးအရေးယူခံရမှုကနေ ကင်းလွတ်နေတဲ့ သံသရာကို ချိုးဖျက်ဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ဟာအမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်တယ်လို့ကျတော်ထပ်လောင်းပြောကြားလိုပါတယ်” လို့ ဂူတာရက်စ်ကဖြည့်စွက်ပြောဆိုထားပါတယ်။
ကိုးကား – New Age