ငွေကောက်တာကို ဝေဖန်ခံရလို့ ကျွန်းကလေး အထက်တန်းကျောင်း ကထိန်အလှူဖျက်သိမ်း

“ကျောင်းဖက်က ခေါင်းရှုပ်မခံချင်လို့ ဖျက်လိုက်တာ နေမှာ၊ တကယ်ဆိုရင် တခုလိုသွားတာက အလှူငွေကို ပမာဏ မသတ်မှတ်ပဲ၊ စေတနာရှိသလောက် ထည့်ခိုင်းရင် ပြဿနာ ပိုရှင်းသွားမှာ ”

၁၉၊နိုဝင်ဘာ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ကျွန်းကလေး အထက်တန်းကျောင်း ကထိန်အတွက် အလှူငွေကောက်တာကို  ကျောင်းသားမိဘတဦးက လူမှုကွန်ရက်ကတဆင့် ဝေဖန်ခဲ့ပြီးနောက်မှာ  ကျောင်းဘက်က ကျောင်းသားမိဘတွေကို ကောက်ခံထားတဲ့  ပိုက်ဆံတွေ ပြန်ပေးပြီး ကထိန်းလည်း မခင်းတော့ဘူးလို့ ကျောင်းတာဝန်ရှိသူတွေက ကြေညာလိုက်ပါတယ်။

ကထိန်အလှူပွဲအတွက် ကျောင်းသားတဦးကို သုံးထောင်ကျပ် သတ်မှတ်တဲ့အပေါ်  ကျောင်းသားမိဘ တဦးက မကျေမလည်ဖြစ်ပြီး လူမှုကွန်ရက်ကနေ ပြစ်တင်ရေးသား ခဲ့တာလို့ သိရပါတယ်။

“ဘယ်သူမှားတယ် ၊မှန်တယ်တော့ မပြောလိုဘူး။ တနှစ်မှ တခါလုပ်တဲ့ အလှူဆိုတော့ အခုလိုတွေ ဖြစ်သွားတာတော့  မကောင်းဘူး။ ကျောင်းရော၊ မြို့ပါ သိက္ခာ ကျရတာ ” လို့ ကျွန်းကလေး အထကကျောင်းထွက် နယ်ခံတဦးက ပြောပါတယ်။

အဲဒီလို ​ကထိန်မခင်းဖြစ်တော့တဲ့ အကြောင်းကို ကျောင်းဝင်းထဲက ကြော်ငြာသင်ပုန်းမှာ ရေးသား အသိ ပေးထားတာဖြစ်ပြီး အလှူငွေတွေကို ကျောင်းသား၊ကျောင်းသူတွေဆီ  ပြန်ပေးအပ်လိုက်တယ်လို့လည်း ရေးထားတာ တွေ့ရပါတယ်။

ကျောင်းကထိန်ပွဲ ဖျက်လိုက်တာနဲ့ ပတ်သက်ပြီး လှည်းကူးမြို့ခံတွေကြားမှာ ပြစ်တင်ပြောဆိုနေကြပြီး အများစုက ပိုက်ဆံသုံးထောင်လောက် အလှူငွေထည့်ရတာကို အပြစ်မမြင်သင့်ဘူးဆိုတဲ့ အမြင်နဲ့ သုံးသပ်ကြပါတယ်။

“ကျောင်းဖက်က ခေါင်းရှုပ်မခံချင်လို့ ဖျက်လိုက်တာ နေမှာ၊ တကယ်ဆိုရင် တခုလိုသွားတာက အလှူငွေကို ပမာဏ မသတ်မှတ်ပဲ၊ စေတနာရှိသလောက် ထည့်ခိုင်းရင် ပြဿနာ ပိုရှင်းသွားမှာ ” လို့ လှည်းကူးမြို့ပေါ်ရပ် ကွက်နေသူ တဦးက ပြောပါတယ်။

လက်ရှိအချိန်မှာ ကထိန်ခင်းတဲ့ ကာလဖြစ်တာကြောင့် အနယ်နယ်အသီးသီးက အခြေခံပညာ ကျောင်းတွေ စုပေါင်း ကထိန်ခင်းတာ၊ ဘုန်းကြီးကျောင်းကို ပို့ဆောင်မယ့် ပဒေသာပင်တွေကို လမ်းလျှောက်သယ်ဆောင်ကြပြီး အကနဲ့ လှည့်လည်ပို့ဆောင်တာတွေ ခေတ်စားနေပြီး ကထိန်ခင်းဖို့အတွက် အခုလို ကျောင်းသားတွေ စုပေါင်းထည့်ဝင်တဲ့ အလေ့အထက အစဥ်အဆက်ရှိခဲ့တာ ဖြစ်ပါတယ်။