စက်သုံးဆီ အပြင်ထုတ်ရောင်းစားတဲ့ ဆိုင်တာဝန်ခံ အရေးယူခံရ

ဒီဇယ်လီတာ ၄,၂၀၀ ကျော်၊ ပရီမီယံဒီဇယ်လီတာ ၅၀၀ ကျော်၊ ဓာတ်ဆီ 92 လီတာ ၅,၂၀၀ ကျော်၊ အရည်သွေး မြင့်ဒီဇယ်ဆီ Own PHSD လီတာ ၃,၅၀၀ နီးပါး ထုတ်ရောင်းထားတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

၁၉၊နိုဝင်ဘာ

ပဲခူးမြို့၊ ကလိကျေးရွာအနီး ဖွင့်ထားတဲ့ ရွှေဗျိုင်းဖြူ စက်သုံးဆီဆိုင် တာဝန်ခံကို ကိုယ်ကျိုးအတွက် ဆီထုတ်ရောင်းစားတယ်ဆိုပြီး နိုဝင်ဘာ ၁၇ ရက်က ရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ခံထားရပါတယ်။ဆိုင်က စက်သုံးဆီတွေကို အရောင်းစားရင်း မသွင်းပဲ ထုတ်ယူရောင်းချတာကို ကုမ္မဏီတာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့တာလို့ သိရပါတယ်။

“ဆီအပြင်ဝယ်လက်နဲ့ ပေါင်းပြီး ထုတ်ရောင်းနေတာ အတိုင်ခံရတယ်။ တခြားဝယ်လက်က တိုင်တာလား၊ ဝန်ထမ်းအချင်းချင်းထဲက တိုင်တာလားတော့ မသိဘူး”လို့ ရွှေဗျိုင်းဖြူ စက်သုံးဆီ ကုမ္ပဏီ၊ စာရင်းကိုင် ဝန်ထမ်းတဦးက ပြောပါတယ်။

အဲဒီ ဆိုင်တာဝန်ခံက ဒီဇယ်လီတာ ၄,၂၀၀ ကျော်၊ ပရီမီယံဒီဇယ်လီတာ ၅၀၀ ကျော်၊ ဓာတ်ဆီ 92 လီတာ ၅,၂၀၀ ကျော်၊ အရည်သွေး မြင့်ဒီဇယ်ဆီ Own PHSD လီတာ ၃,၅၀၀ နီးပါး ထုတ်ရောင်းထားတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ခွင့်ပြုချက် မရှိပဲ ရောင်းချခဲ့တဲ့ စက်သုံးဆီ တန်ဖိုးမှာ ကျပ်သိန်း ၅၀၀ ကျော်ရှိပြီး အခုရက်ပိုင်းထဲမှာ ထုတ်ရောင်းထားတာလို့ ကနဦး စစ်ဆေးချက်တွေအရ သိထာရတယ်လို့ ကုမ္ပဏီဝန်ထမ်းတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီတွေဝယ်ရခက်ချိန်မှာ စက်သုံးဆီဆိုင်တချို့ အရောင်းရပ်ပြီး၊ အပြင်ဝယ်လက်နဲ့ ပေါင်းလုပ်စားကြတာ ရှိတယ်။ ဆက်ဖော်ရင် နောက်အရေးယူခံရမယ့်သူ အများကြီး”လို့ ပဲခူးမြို့ခံ တဦးက ပြောပါတယ်။

ပဲခူးမြို့မှာ မကြာခင် ရက်ပိုင်းက စက်သုံးဆီ ပြတ်လပ်ခဲ့လို့ အပြင်ပေါက်စျေး တလီတာ ၁၂,၀၀၀ ကျပ်အထိ စျေးမြင့်တက်ခဲ့သလို လိုသလောက် ဝယ်မရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။