NLD အစိုးရ အရည်အချင်းမပြည့်မီတာကြောင့် ပင်းပက်စက်ရုံ ပိတ်သိမ်းခဲ့ရတယ် ဆိုတဲ့သတင်းအမှား

NLD အစိုးရ အရည်အချင်းမပြည့်မီတာကြောင့် ပင်းပက်စက်ရုံ ပိတ်သိမ်းခဲ့ရတယ် ဆိုတဲ့သတင်းအမှား

၁၂ အောက်တိုဘာ ၂၀၂၆

Explainer ) DNA/ The Red Flag

အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ အရည်အချင်းမပြည့်မီမှုကြောင့် ရပ်ဆိုင်းခဲ့ရပြီး လက်ရှိ စစ်ကောင်စီလက်ထက်မှာ ပြန်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေစစ်ဆေးကြည့်တဲ့အခါမှာ အချက်အလက်တွေ မှားယွင်းနေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ပျံ့နှံ့မှု

NLD အစိုးရရဲ့ အရည်အချင်းမပြည့်မီမှုကြောင့် ဆုံးရှုံးပြီးရပ်နားခဲ့ရတဲ့ အမှတ် (၂) ပင်းပက်သံမဏိစက်ရုံစီမံကိန်းကို လက်ရှိစစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်မှာ  ပြန်လည် လည်ပတ်အောင် လုပ်နိုင်ခဲ့ပြီး ပြည်သူတွေကိုနစ်နာကြေး ထိရောက်စွာ ပေးခဲ့တယ်ဆိုတဲ့ အချက်အလက်မှားယွင်းနေတဲ့ ရုပ်သံတခု လူမှုကွန်ယက်စာမျက်နှာ မှာ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

 

မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဆောက်အဦးတွေဟာ စစ်အာဏာရှင် ဦးသန်းရွှေရဲ့ ကျေးဇူးတွေဖြစ်တယ်လို့လည်းအဲဒီဗီဒီယိုဖိုင်ထဲမှာပါရှိပါတယ်။

 

အဲဒီရုပ်သံကို စစ်တပ်ထောက်ခံလော်ဘီ တဦးဖြစ်တဲ့ မပုတုက  ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က စတင်ဖြန့်ဝေထားပြီး Reaction လုပ်သူ ၃၂,၄၀၀ ယောက်၊ပြန်လည်မျှဝေသူ ၁,၅၉၈ယောက်၊မှတ်ချက်ပေးသူ ၁၆၁၁ ယောက်နဲ့ကြည့်ရှုသူ ၂၁၂,၇၀၀ယောက် ရှိနေတာကြောင့် ပျံ့နှံ့မှုအားကောင်းနေတာကိုတွေ့ရပါတယ်။

 

သတင်းအမှားလင့်ခ်>>> https://archive.ph/wip/9OLvj 

ဗီဒီယိုဖိုင်ထဲမှာ ပြောဆိုထားတဲ့ အချက်အလက်တွေကို  DNA Fact Check Team က တိုက်ဆိုင်စစ်ဆေးရာမှာ အဆိုပါပြောဆိုချက်တွေဟာ မှားယွင်းနေပြီး NLD အစိုးရအပေါ် နိုင်ငံရေး သဘောထားကွဲလွဲအောင် ရည်ရွယ်ချက်ရှိရှိပြောဆိုနေတာကို တွေ့ရပါတယ်။

 

ပင်းပက်စီမံကိန်းကို ဘယ်အချိန်က စတင်ခဲ့လဲ

ပင်းပက်သံမဏိစက်ရုံစီမံကိန်းဟာ   NLD အစိုးရလက်ထက်တစတင်ခဲ့တဲ့  စီမံကိန်းမဟုတ်ပါဘူး။ စီမံကိန်းကို အရင် စစ်အဆိုးရ ဦး သန်ရွှေလက်ထက် ၂၀၀၄ ခုနှစ်မှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နဲ့ ရုရှား VO Tyazhpromexport (TPE) ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

စက်ရုံကို  ၂၀၁၆ ခုနှစ်အတွင်း စမ်းသပ်လည်ပတ်မှုများ ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်မှာတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ လွှတ်တော်က နိုင်ငံပိုင်စက်ရုံ ၂၄ ရုံကို စစ်ဆေးပြီး  ဘဏ္ဍာရေးဆိုင်ရာ အရှုံးပေါ်နေတာကြောင့် စက်ရုံ ၂၄ ရုံးကို  ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အဲဒီထဲမှာ ပင်းပက်စက်ရုံလည်း ပါဝင်ပါတယ်။

 

သတင်းလင့်ခ်>>>https://burma.irrawaddy.com/business/2017/11/28/146864.html 

နိုင်ငံရေးနဲ့စီးပွားရေး လေ့လာသုံးသပ်သူတွေကတော့ အဓိကရပ်ဆိုင်းလိုက်ရတဲ့ အကြောင်းရင်းဟာ ငွေကြေးဆိုင်ရာ အရှုံးပေါ်နေမှုတို့ကြောင့် ဖြစ်တယ်လို့ အတည်ပြုပြောပါတယ်။ 

မြန်မာ့နိုင်ငံရေးကို စောင့်ကြည့်လေ့လာနေတဲ့ အမည်မဖော်လိုသူ နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးကတော့ “အရည်အချင်းမရှိလို့ ပိတ်လိုက်တာ မဟုတ်ပါဘူး ။ ပင်းပက်က စီးပွားရေးတွက်ချေမကိုက်လို့ မလုပ်တာ သံအရည်အသွေးလည်းမကောင်းလို့ ပိတ်လိုက်တာ။ အရင်အစိုးရကလုပ်ခဲ့တဲ့ အမှားတွေကို NLD လက်ထပ်ကြမှာ စီစစ်ပြီး ပိတ်သင့်တာ ပိတ်တဲ့သဘောပါပဲ။ အခုလုပ်ဖို့ကြိုးစားနေတာလည်း အရှုံးပေါ်မှာပဲ“ လို့ ပြောပါတယ်။

 

စီမံကိန်းမှာ ၂၀၁၇ ခုနှစ်မှာ ၉၈% ပြီးစီးခဲ့တယ်လို့ စစ်တပ်ဘက်က ပြောပေမဲ့လည်း အမှန်တကယ် လည်ပတ်နိုင်ခဲ့ခြင်း မရှိပဲ အရှုံးပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။

 

အစိုးရ တရပ် အရည်အချင်းရှိ၊မရှိကို ဘာနဲ့တိုင်းတာလို့ရနိုင်လဲ။

အစိုးရတစ်ရပ်ရဲ့ အရည်အချင်းပြည့်မီမှုနှင့် စွမ်းဆောင်ရည်ကို တိုင်းတာရာမှာ ကဏ္ဍစုံကို ခြုံငုံသုံးသပ်ရမှာဖြစ်ပြီး  နိုင်ငံတကာ စံနှုန်းတွေနဲ့ နိုင်ငံရေးသိပ္ပံ သဘောတရားတွေအရ အစိုးရတစ်ရပ်ကို အဓိက ညွှန်းကိန်း (၄) ခုနဲ့ တိုင်းတာရမှာဖြစ်ပါတယ်။

၁။ တရားဝင်မှုနှင့် တာဝန်ခံမှု 

  • အစိုးရဟာ  တရားမျှတတဲ့ ရွေးကောက်ပွဲ ကနေတစ်ဆင့် တက်လာပြီး ပြည်သူအများစုရဲ့  ယုံကြည်ကိုးစားမှုကို ရရှိထားလား၊
  • အစိုးရရဲ့ဆုံးဖြတ်ချက်နှင့် လုပ်ရပ်တွေအတွက် ပြည်သူကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းတင်ပြနိုင်စွမ်း ရှိလား။
  • ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေဘဲ ဥပဒေကြောင်းအရ မျှတစွာ စီမံခန့်ခွဲနိုင်လား။

၂။ စီးပွားရေး စီမံခန့်ခွဲမှုစွမ်းရည်

  • ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်တာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်တာနဲ့  ဂျီဒီပီ (GDP) တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်းရှိမရှိ၊
  • လူဦးရေအများစုရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာအောင် ဆောင်ရွက်ပေးနိုင်စွမ်းရှိ၊မရှိ။
  • ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်စိတ်ချစွာ လုပ်ကိုင်နိုင်မဲ့ မူဝါဒကောင်းတွေ ချမှတ်နိုင်တာရှိ၊မရှိ။

၃။ လူမှုရေးနှင့် ပြည်သူ့ဝန်ဆောင်မှု 

  • ပြည်သူအားလုံး လက်လှမ်းမီပြီး အရည်အသွေးမြင့်မားတဲ့ အခမဲ့ (သို့မဟုတ်) သက်သာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးစနစ်ကို ပံ့ပိုးပေးနိုင်ခြင်းရှိ၊မရှိ။
  • လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေပေးဝေရေးစနစ်တွေကောင်းမွန်အောင် တည်ဆောက်ထိန်းသိမ်းနိုင်ခြင်း ရှိ၊မရှိ 
  • လူနည်းစု အခွင့်အရေးတွေနဲ့  လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး ခွဲခြားဆက်ဆံမှု ကင်းဝေးစေတာရှိမရှိ။

၄။ တည်ငြိမ်မှုနှင့် လုံခြုံရေး 

  • တိုင်းပြည်အတွင်း ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို အာမခံနိုင်တာရှိ၊မရှိ။
  • အိမ်နီးချင်းနိုင်ငံ၊ ကမ္ဘာ့နိုင်ငံတွေနဲ့ သံတမန်ရေးရာ၊ စီးပွားရေးအရ အပြုသဘောဆောင်တဲ့  ဆက်ဆံရေး တည်ဆောက်နိုင်တာရှိမရှိကို ကြည့်ရမှာဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့  စီးပွားရေး ပညာရှင်နဲ့ဆန်းစစ်ဝေဖန်သူတဦးကလည်း “ အစိုးရတရပ်ရဲ့ စီးပွားရေး အားဖြင့် စွမ်းဆောင်မှု ရှိ၊မရှိ အရည်အချင်းပြည့်မှီ မမှီဆိုတာ အဲ့ဒီကာလအတွင်းမှာ ရှိနေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကို ညွှန်းကိန်းတွေဖြစ်သော ကုန်ဈေးနှုန်း၊ငွေလဲနှုန်း ၊FDI ဝင်ရောက်မှု ၊ကုန်သွယ်မှု လက်ကျန်မှုရှင်းတမ်းတွေကို ကြည့်ပြီးမှ ဒါတွေဟာ အပေါင်း လက္ခဏာဆောင်တဲ့  တိုးတက်မတက်ဆိုတာကြည့်ရမယ်။GPD ကိုလည်း ကြည့်ရမယ် “လို့ပြောပါတယ်။

ဒါ့အပြင် စက်ရုံ၊အလုပ်ရုံတွေကို ရင်းနှီးတဲ့အခါမှာ Cause of benefit “ ကုန်ကျစရိတ်နဲ့ ရလာမဲ့ အကျိုးအမြတ်” ကို အမြဲတမ်းနှိုင်းယှဥ် ကြည့်ဖို့လိုမယ်လို့ပြီး  ရင်းနှီးမြှပ်နှံမှု တခုလုပ်တိုင်း ရလာမဲ့ အကျိုးအမြတ်ကို   Internal Rate of Return  နဲ့တွက်ချက်ပြီး ဆက်ပြီး လုပ်သင့်၊မလုပ်သင့်ကို ဆုံးဖြတ်ရမှာလို့ သူက ဆက်ပြောထားပါတယ်။

ဒါကြောင့် ပင်းပက်စက်ရုံ ရပ်ဆိုင်းခဲ့ခြင်းတစ်ခုတည်းကို အခြေခံပြီး NLD အစိုးရတစ်ရပ်လုံး အရည်အချင်းမပြည့်မီကြောင်း ဆုံးဖြတ်လို့ မရသလို စက်ရုံကို ပြန်လည်စမ်းသပ်လည်ပတ်နိုင်ခြင်းတစ်ခုတည်းကို အခြေခံပြီး  လက်ရှိအုပ်ချုပ်ရေးအဖွဲ့ရဲ့  စွမ်းဆောင်ရည်ပြည့်မီကြောင်းလည်း ဆုံးဖြတ်လို့မရနိုင်ပါဘူး။

အရည်အချင်းရှိမရှိကို  အကဲဖြတ်ဖို့အတွက် အစိုးရနှစ်ရပ်လက်ထက်ရှိ တိုင်းပြည်အခြေအနေ ၊ကုန်ကျစရိတ်တွေနဲ့ လက်တွေ့ရလဒ်တွေကို နှိုင်းယှဉ်စစ်ဆေးဖို့  လိုအပ်ပါတယ်။

 

စက်ရုံကို ပြန်လည်လည်ပတ်နိုင်ပြီလား

စစ်အာဏာသိမ်းပြီးပြီးချင်း  ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ  ပင်းပက်စီမံကိန်းကို ပြန်လည်စတင်ဖို့ ထုတ်ပြန်ခဲ့ပြီး  ၂၀၂၃ ခုနှစ်မှာ သံရည်ကျိုစက်ရုံ ၂၂ ရုံထဲက ၁၉ ရုံကို ဝန်မဲ့စမ်းသပ်လည်ပတ်နိုင်ခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဝန်မဲ့စမ်းသပ်လည်ပတ်တာဟာ  ကုန်ကြမ်းအသုံးပြုပြီး သတ်မှတ်ပမာဏအတိုင်း ထုတ်လုပ်ကာ ဈေးကွက်ကို  ရောင်းချနိုင်တာနဲ့မတူပါဘူး။

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်အခြေအနေကို ဖော်ပြတဲ့သတင်းမှာ လည်း စက်တပ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး လုပ်ငန်းပြီးစီးပါက ပတ်စက်စမ်းသပ်လည်ပတ်မယ်လို့ ဖော်ပြထားပါတယ်။

သတင်းလင့်ခ်>>> https://www.moi.gov.mm/index.php/news/88032 

ဒါကြောင့် စက်ရုံတစ်ခုလုံး အပြည့်အဝ စီးပွားဖြစ်ထုတ်လုပ်နေပြီဆိုတဲ့ ပြောဆိုချက်ကို အတည်ပြုဖို့ လက်ရှိထုတ်လုပ်မှုပမာဏ၊ ထုတ်လုပ်မှုစတင်တဲ့ရက်၊ ရောင်းချမှုမှတ်တမ်းတွေနဲ့ စက်ရုံလည်ပတ်မှုစာရင်းတွေ ပြည်သူကို အသိပေးဖို့ လိုအပ်ပါတယ်။

 

ဒေသခံတွေကို နစ်နာကြေး ထိရောက်စွာပေးခဲ့သလား

ပင်းပက်စီမံကိန်းကြောင့် ဒေသခံတွေရဲ့ မြေယာ၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်အပေါ် သက်ရောက်မှုများရှိခဲ့တယ်လို့  ဒေသခံတွေကပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ကဧက ၅၁၂၂.၁၆ ဧက ကျယ်ဝန်းတဲ့ မြေပေါ်မှာ ပင်းပက် စီမံကိန်းရှိပြီးစက်ရုံတည်ဆောက်စဉ်တုံးက မြေယာ (၁၁၀၀၀)ကျော် သိမ်းယူခံခဲ့ရတယ်လို့ ဒီစီမံကိန်းကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့ ရှမ်းတောင်အခြေစိုက် ပအိုးဝ်လူငယ်အစည်းအရုံး(PYO)က ကပြောပါတယ်။

 လူနေအိမ် (၁၅) လုံး လူဦးရေ (၅၀)  ပြောင်းရွှေ့ခံခဲ့ရပြီး လျော်ကြေးကို ၅ ထောင်ကျပ်နဲ့ပဲ ပေးကာ မြေပုံစံမရှိရင် လျော်ကြေးမရခဲ့ကြဘူးသလို ၂၀၁၀ တုန်းကလည်းမြေ ဧက ၁၀၀ ကျော် ထပ်သိမ်းယူခဲ့ ကျပ်ငွေ ၅သိန်းသာလျော်ကြေးပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ တုန်းကလည်း သတ္တုရိုင်းသယ်ယူဖို့အတွက် နောင်းကားမှ ပင်းပက်ထိ ရလမ်းလမ်းဖောက်ရာမှာ ဒေသခံတို့ရဲ့ မြေယာ၂၈၁.၈၂ ဧက အသုံးပြုခဲ့ကာ လျော်ကြေးငွေကို ၂၁၇.၂၇ ဧက တောင်သူ (၁၈၇)ဦးသာ ကျပ်သိန်းပေါင်း ၂သောင်းကျော် ပေးခဲ့တယ်လို့ PYO က DNA Fact Check Team ကိုပြောပါတယ်။

“ ပမာဏ နည်းများပေါ်မူတည်ပြီး ရရှိတဲ့ လျော်ကြေးအပေါ် မညီမျှမှုတွေရှိခဲ့ပါတယ်။ ဒါကို တချို့ဒေသခံများမှ မကျေနပ်တဲ့အပိုင်းတွေရှိခဲ့တယ်။”

၂၀၂၃ ခုနှစ်မှာလည်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က စီမံကိန်းကြောင့် ဒေသခံတွေရဲ့  လူမှုဘဝ၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုတွေ အကြောင်း  သတင်းစားရှင်းလင်းပွဲ လုပ်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သတင်းလင့်ခ်>>>https://burmese.dvb.no/post/622720 

 

သုံးသပ်ချက်

ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ပင်းပက်သံမဏိစက်ရုံကို NLD ဦးဆောင်တဲ့ အစိုးရသက်တမ်းအတွင်းမှာ  ရပ်ဆိုင်းခဲ့ပေမဲ့လည်း အရည်အချင်းမပြည့်မှီတာကြောင့်မဟုတ်ဘဲ နိုင်ငံ့ဘဏ္ဍာငွေ အရှုံးပေါ်လို့ သာ ပိတ်သိမ်းရခြင်းဖြစ်ကြောင်းကို စီစစ် တွေ့ရှိရပါတယ်။

အလားတူ စီမံကိန်းပြန်လည်စတင်ခဲ့တာနဲ့  စမ်းသပ်လည်ပတ်မှုတွေ ပြုလုပ်ခဲ့တာဟာ စက်ရုံတစ်ခုလုံး အပြည့်အဝ စီးပွားဖြစ်လည်ပတ်နေတာမဟုတ်သလို ဒေသခံတွေကို  နစ်နာကြေး ထိရောက်စွာပေးခဲ့ကြောင်းပြောဆိုချက်ဟာလည်း မှန်ကန်မှု မရှိနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် ဒီဖြန့်ဝေမှုဟာ  NLD ကို အပြစ်တင်ဖို့နဲ့ စစ်ကောင်စီရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့တယ် ဆိုတာကို စီစစ်အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြတာ ရှိတဲ့အတွက် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

 

 DNA Fact Check Team ကို ဒီနေရာ (dnafactcheck@gmail.com) ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

 

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက် #ပင်းပက်သံမဏိစက်ရုံ