
“တာအသစ်ရဲ့ အပြင်ဘက်(မြစ်ဘက်ခြမ်း)ကို မိုးကာ ပလပ်စတစ် အထူနဲ့ အုပ်တာမျိုး လုပ်သင့်တယ်။ နောက် ညဘက်ရေတက်ချိန် မိုးသည်းချိန်တွေလည်း ရှိမှာဖြစ်လို့ နေ့ရောညပါ ကင်းစောင့်ဖို့လိုမယ်၊ ဘတ်ဟိုးတွေကိုလည်း အမြဲတမ်းအဆင့်သင့် ပြင်ထားသင့်တယ် အရေးပေါ်အချိန်အနေမှာ မြေထပ်ဖို့တာမျိုး လုပ်နိုင်အောင်”
၂၇၊ ဩဂုတ်။
ဧရာဝတီမြစ်ရေ တိုက်စားပြီး တာဘောင်ရဲ့ ငါးပုံလေးပုံလောက်ထိ ပြိုကျနေတဲ့ ညောင်တုန်းမြို့နယ်အတွင်းက ဂန်ချောင်းထုံး၀တာအတွက် အရံတာဘောင် တည်ဆောက်နေတာဟာ ဒီနေ့နေ့လယ်ပိုင်းမှာ အမြင့် ခြောက်ပေဝန်းကျင်လောက် ထိ ပြီးစီးနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“တာအမြင့်ကတော့ ခြောက်ပေကျော်လောက် ရှိသွားပြီ။ သူတို့တောက်လျှောက် ထပ်တင်၊ ထပ်တင်ပေါ့နော်။ ဒီ နေ့လည်း အဲလိုဘဲထပ်တင်နေတာပဲ။ လက်ရှိကတော့ အဲဒီမြေသားကနေ ၆ ပေလောက်ထိတော့ မြင့်သွားပြီ” မြေ ပြင်မှာရှိနေတဲ့ ညောင်တုန်းဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းကနေ စတင်ပြိုကျနေခဲ့တဲ့ ညောင်တုန်းမြို့နယ် ချောင်းဖျားကျေး ရွာရှိ ဂန်ချောင်းထုံးဝတာဘောင် ပြိုကျနေတာကို လူအင်အားထောင်ဂဏန်းနဲ့ ဝိုင်းဝန်းကာ ပြိုကျနေတဲ့ တာ ဘောင်အောက်မှာ အရံတာတခု တည်ဆောက်နေကြတာပါ။
အငြိမ်းစား ဆည်မြောင်းအရာရှိ တဦးကတော့ အခုလို ဧရာဝတီမြစ်ရေ ကျနေချိန်ကို အခွင့်ကောင်းယူပြီး တာကို အမြန်ဆုံး ကျစ်လစ်အောင် လုပ်သင့်တယ်လို့ အကြံပေးပါတယ်။
“တာအသစ်ရဲ့ အပြင်ဘက်(မြစ်ဘက်ခြမ်း)ကို မိုးကာ ပလပ်စတစ် အထူနဲ့ အုပ်တာမျိုး လုပ်သင့်တယ်။ နောက် ညဘက်ရေတက်ချိန် မိုးသည်းချိန်တွေလည်း ရှိမှာဖြစ်လို့ နေ့ရောညပါ ကင်းစောင့်ဖို့လိုမယ်၊ ဘတ်ဟိုးတွေကိုလည်း အမြဲတမ်းအဆင့်သင့် ပြင်ထားသင့်တယ် အရေးပေါ်အချိန်အနေမှာ မြေထပ်ဖို့တာမျိုး လုပ်နိုင်အောင်”လို့ ဆိုပါတယ်။
အခု တည်ဆောက်ပြီးစီးထားတဲ့ တာဘောင်အနေအထားဟာ မြစ်ရေတက်လာချိန်မှာ မူလတာဘောင်ဟောင်း ထပ်ပြီးအိကျသွားခဲ့မယ် ဆိုရင်တော့ ရေစီးကို ဟန့်တားနိုင်တဲ့ အနေအထား မရှိသေး ဘူးလို့ ဒေသခံတွေက ယူဆနေကြပါတယ်။
“ပြောမယ်ဆို မြစ်ရေလျှံဖို့အတွက်ကတော့ တာကာထားတဲ့ အနေအထားတော့ အိုခေသွားတယ်ပေါ့။ ခုနကလိုပေါ့ မြစ်ရေတက်လာတယ်၊ ဒီတာကြီးထပ်ပြီးတော့ နိမ့်ဆင်းသွားတယ်ဆိုရင်တော့လည်း စိုးရိမ်ရတယ်ပေါ့နော်။ အခြေ အနေကတော့ အဲလိုရှိပါတယ်” လို့ ညောင်တုန်းဒေသခံက ပြောပါတယ်။
လက်ရှိမှာ ဧရာ၀တီမြစ်ရေဟာ တည်ငြိမ်နေပြီး တက်လာတာမရှိဘဲ တာဘောင်ကလည်း ဆက်ပြီးအိ ဆင်းတာမရှိ ဘူးလို့ ဆိုပါတယ်။ မြစ်ရေဆက်တက်ပြီး တာဘောင်အိဆင်းလာမယ်ဆိုရင်တော့ လူအားနဲ့ တည်ဆောက်နေတဲ့ အရံတာဘောင်ဟာ အချိန်မီပြီးစီးနိုင်ဖို့မလွယ်ဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
“လူအင်အားကတော့ နှစ်ထောင်ကျော်လောက်နဲ့ ကြိုးစားပန်းစားလုပ်နေကြတာရှိတယ်။ ဒါပေမယ့် အချိန်မမီဖို့ စိုးရိမ်ရပါတယ်။ မြစ်ရေတက်လာရင် မလွယ်ဘူး။ အခုထိတော့ အဆင်ပြေပေမယ့် နောက်ရက်တွေ မြစ်ရေတက်လာဖို့ ကြောက်ရတယ်” လို့ တာဘောင်သစ်တည်ဆောက်တဲ့နေရာမှာ လုပ်အားပေးနေသူတဦးက ပြောပါတယ်။
အဲဒီလို စိုးရိမ်စရာအခြေအနေဖြစ်နေပေမယ့် စစ်အစိုးရဘက်ကတော့ ဒေသခံပြည်သူတွေကို တရားဝင် သတိပေးတာ၊ တာကျိုးပေါက်ခဲ့ရင် အရေးပေါ်ရွှေ့ပြောင်းနိုင်ဖို့ ပြင်ဆင်တာတွေ မတွေ့ရသေးဘူးလို့ ဒေသခံတွေက ပြောကြ ပါတယ်။
လတ်တလောမှာ ဧရာ၀တီမြစ်ရေဟာ အနည်းငယ် ကျဆင်းနေပေမယ့် မိုးလေဝသပညာရှင်တွေက လာမယ့် ရက်သတ္တပတ်အတွင်းမှာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ဧရာ၀တီတိုင်းမှာ မိုးများမယ့် အခြေအနေကို ကြိုတင် သတိပေးထားကြပါတယ်။
ဒါ့အပြင် မနက်ဖြန်ဆိုရင် လပြည့်ရက် ရောက်တော့မှာ ဖြစ်တာကြောင့် လပြည့်ရက်နဲ့အတူ ပင်လယ်မှာ ဒီရေတက် လာမယ့် အခြေအနေ ပေါင်းစပ်ပြီး မြစ်ရေပြန်တက်နိုင်လာတာကို သတိပြုရမယ်လို့လည်း သုံးသပ်နေကြပါတယ်။ လက်ရှိမှာ အရံတာဘောင်သစ် တည်ဆောက်ဖို့အတွက် အဲဒီမြစ်ကမ်းဘေးမှာရှိတဲ့ စိုက်ခင်းအချို့နဲ့ နေအိမ်အချို့ ရွှေ့ပြောင်းပေးထားရပါတယ်။
“ဒီတာတွေဆိုတာက နဂိုကတည်းက အမြဲတမ်းစောင့်ကြည့်ပြီးတော့ ခိုင်မာအောင် လုပ်ထားရမှာ။ အခုလို အရေး ပေါ်ဖြစ်မှ ထလုပ်ရမယ့်ဟာမျိုး မဟုတ်ဘူး။ ဖြစ်သွားခဲ့ရင် မလွယ်ဘူး။ လေးမျက်နှာမှာ ဖြစ်သွားတာကို ကြည့်လေ။ ဘာမှကို အချိန်မရလိုက်ဘူး” လို့ ငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့် ရေဘေးဒဏ်ခံနေရတဲ့ လေးမျက်နှာဒေသခံ သက်ကြီးပိုင်းအမျိုးသားတဦးက ပြောပါတယ်။
အခု တာဘောင်အိကျနေတဲ့ နေရာဟာာ ဧရာ၀တီမြစ်အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီး ညောင်တုန်းမြို့နဲ့ ၈ မိုင် ဝန်းကျင်သာ ကွာဝေးကာ ဧရာ၀တီမြစ်ကို ကာရံထားတဲ့ ဒီတာသာ ကျိုးပေါက်သွားမယ်ဆိုရင် ဧရာ၀တီတိုင်းအတွင်းသာမက ရန်ကုန်တိုင်းအတွင်း နေရာတွေပါ ရေကြီးနစ်မြုပ်မယ့် အန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်နဲ့ ဧရာ၀တီ ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီး ရေနစ်မြုပ်သွားမှာ ဖြစ်တဲ့အတွက် ကုန်စည်စီးဆင်းမှုတွေလည်း ပြတ်တောက်သွားနိုင်ပါတယ်။
ဧရာ၀တီမြစ်ပေါ်ရှိ ညောင်တုန်းမြို့နယ် ဂန်ချောင်းထုံး၀တာဘောင်အပြင် ဇလွန်မြို့နယ် ညောင်ပင်သာ၊ ရေပေါက် ကြီးရွာတို့အနီး တာဘောင်တွေဟာလည်း ကမ်းပြို၊ အိဆင်းနေတာကြောင့် ဒေသခံတွေ စုပေါင်းလုပ်နေကြရပါ တယ်။
ဧရာ၀တီတိုင်းအတွင်းမှာ ဧရာ၀တီမြစ်ရဲ့ မြစ်လက်တက် ငဝန်မြစ်တာဘောင်ဟာလည်း လေးမျက်နှာမြို့တည့် တည့်က ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က ကျိုးပေါက်သွားခဲ့ပြီး လေးမျက်နှာ၊ ဟင်္သာတ၊ ကျုံပျော်၊ ရေကြည်မြို့ နယ်တို့အတွင်း ရေကြီးနေကာ တလနီးပါးကြာတဲ့အထိ တာပေါက်ကို မပိတ်နိုင်သေးပါဘူး။
အဲဒီငဝန်မြစ်တာဘောင်ကျိုးကျမှုကြောင့် ဧရာဝတီတိုင်းမှာ ပြည်သူသိန်းကျော် ရေဘေးသင့်နေပြီး စိုက်ပျိုးပြီး လယ်ဧက သောင်းနဲ့ချီဟာလည်းရေအောက်ရောက်ကာပျက်စီးဆုံးရှုံးသွားခဲ့ပါတယ်။
ငဝန်မြစ်တာဘောင် မကျိုးပေါက်ခင်တုန်းကလည်း စစ်အစိုးရဘက်က ဒေသခံပြည်သူတွေကို ကြိုတင်ရွှေ့ပြောင်း နိုင်ဖို့ သတိပေးတာတွေ မရှိခဲ့သလို တာကျိုးသွားပြီး နောက်ပိုင်းမှာလည်း အရေးပေါ် ကူညီပေးမှုတွေ အားနည်း တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
#ညောင်တုန်း #အရံတာ #ပြီးစီး
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်