ဟောမုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နယ်အဖြစ် သတ်မှတ်ထားပုံကို သမ္မတထရမ့်ဖော်ပြ

အီရန်ဘက်ကတော့ ဒီရေလက်ကြားဟာ “အီရန်ပိုင်အဖြစ်ပဲ ဆက်ရှိနေမှာ” လို့ ချက်ချင်း ပြန်တုံ့ပြန်ခဲ့ပါတယ်။

၁၉ ၊ ဩဂုတ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အင်မတန် အရေးပါလှတဲ့ ဟောမုဇ် ရေလက်ကြားကို “အမေရိကန်ပိုင် နယ်မြေသစ်” ဆိုပြီး ဖော်ပြထားတဲ့ မြေပုံတစ်ခုကို သူပိုင်တဲ့Truth Social မီဒီယာမှာ ဩဂုတ် ၁၈ ရက်နေ့က တင်လိုက်ပါတယ်။ ဒါဟာ အဆိုပါ ရေကြောင်းလမ်းကို အမေရိကန်ပိုင်နက်အဖြစ် ကြေညာမယ်ဆိုတဲ့ သူ့ရဲ့ ခြိမ်းခြောက်မှုကို ပိုပြီး ဖိအားပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလတုန်းက အစ္စရေးနဲ့ပေါင်းပြီး ထရမ့် စတင်ခဲ့တဲ့ စစ်ပွဲကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဘက်ကလည်း ကမ္ဘာ့ရေနံ ငါးပုံတစ်ပုံမက ဖြတ်သန်းသွားလာနေရတဲ့ ဒီအရေးပါတဲ့ ရေလက်ကြားကို ပိတ်ပစ်ခဲ့တာပါ။

ထရမ့်ဟာ ဒီရေလက်ကြားကို သိမ်းမယ်ဆိုတဲ့ စဉ်းစားချက်ကို ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက စပြောခဲ့တာဖြစ်ပြီး ၊ မကြာခင် အမေရိကန်ပိုင်နယ်မြေအဖြစ် ကြေညာတော့မှာပါဆိုပြီး အရွန်းဖောက် ပြောခဲ့တာပါ။

ဒါပေမဲ့ အီရန်ဘက်ကတော့ ဒီရေလက်ကြားဟာ “အီရန်ပိုင်အဖြစ်ပဲ ဆက်ရှိနေမှာ” လို့ ချက်ချင်း ပြန်တုံ့ပြန်ခဲ့ပါတယ်။

တနင်္လာနေ့က ဘဲဥပုံ သမ္မတရုံးခန်းမှာ သတင်းထောက်တွေနဲ့ တွေ့တုန်းကလည်း ထရမ့်က ဒီအကြောင်းကို ထပ်ပြောခဲ့ပြီး၊ ဒါဟာ အိုင်ဒီယာကောင်းတစ်ခု ဖြစ်နိုင်တယ်ဆိုပြီး အကြံပြုပြောဆိုခဲ့ပါသေးတယ်။

ထရမ့်အနေနဲ့ နိုင်ငံခြားရေး မူဝါဒပိုင်းမှာ အခက်အခဲကြုံရတိုင်း အခြားနိုင်ငံတွေရဲ့ ပိုင်နက်ကို သိမ်းမယ်ဆိုပြီး ခြိမ်းခြောက်တာဟာ အခုအကြိမ်က ပထမဆုံးတော့ မဟုတ်ပါဘူး။

၂၀၂၅ မှာ အာဏာပြန်ရလာပြီးတည်းက သူဟာ ကနေဒါကို အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ် လုပ်ပစ်မယ်၊ ဂရင်းလန်းကျွန်းကို သိမ်းမယ်၊ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်မယ်ဆိုပြီးတော့လည်း အရိပ်အမြွက် ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီ ခြိမ်းခြောက်မှုတွေကို တကယ်တမ်း အကောင်အထည်ဖော်ခဲ့တာတော့ မရှိပါဘူး။

ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်စစ်ပွဲ မဖြစ်ခင်တုန်းကတော့ ဟောမုဇ် ရေလက်ကြားဟာ လွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာရေးလမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

အီရန်ဘက်ကတော့ အမေရိကန်က သူတို့ရဲ့ ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာ ရုပ်သိမ်းပေးဖို့၊ ရေနံပိတ်ဆို့မှုတွေ ဖယ်ရှားပေးဖို့၊ ထိန်းချုပ်ထားတဲ့ အီရန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ထုတ်ပေးဖို့နဲ့ စစ်လျော်ကြေးပေးဖို့ အပါအဝင် တောင်းဆိုချက်အများအပြားကို လိုက်လျောမပေးမချင်း ဒီရေလက်ကြားကို ပြန်မဖွင့်ပေးဘူးလို့ ပြောထားပါတယ်။

ကိုးကား – AFP

#အမေရိကန် #အီရန် #ဟော်မုဇ်ရေလက်ကြား #ထရမ့် #အမေရိကန်ပိုင်နက်
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း