
“စိုးရိမ်ရေမှတ်နား ရောက်ရင်ကို သောင်ဆိုတော့ ရေတက်လာတယ်။ အခုက စိုးရိမ်ရေမှတ်ကို တပေကျော် နှစ်ပေနီးပါး တက်နေတာလေ။ ရေပြန်ကျရင်တောင် ပြန်လည်ထူထောင်ရေး လုပ်ရဦးမယ့် အခြေအနေမှာ စစ်မှုထမ်း ထောက်ပံ့ကြေးကောက်တယ်။ အတင်းကောက်တာနော် အဲ့ဒါ”
၁၈၊ ဩဂုတ်လ။
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်ထဲကရေကြီးရေလျှံဖြစ်နေတဲ့ ယင်းတိုက်ကုန်း ကျေးရွာအုပ်စုထဲက ငွေသောင်ယံ ကျေးရွာ (သောင်)မှာ အုပ်ချုပ်ရေးမှူးဖြစ်သူက စစ်မှုထမ်းထောက်ပံ့ကြေးအဖြစ် စစ်မှုထမ်း အကြုံးဝင်သူ တဦးကိုငွေကျပ် ၁၃၀,၀၀၀ သတ်မှတ်ကာ အတင်းအဓမ္မကောက်ခံမှု ပြုလုပ်နေပါတယ်။
“ရေတက်နေတာ တပတ်လောက်ရှိပြီ။ ရေကဒီတခါ မြန်တယ် နှစ်ရက်ထဲနဲ့ ခါးလယ်ရောက်လာတာ။ စိုက်ခင်းတွေ အကုန်မြုပ်ကုန်တာကို အောင်ဝင်း (အုပ်ချုပ်ရေးမှူး)က မညှာမတာ စစ်မှုထမ်းကြေး လာကောက်တယ်။ တယောက်ကို တသိန်းသုံးသောင်းပေးရမယ် မပေးနိုင်ရင် မပေးနိုင်တဲ့သူကို စစ်မှုထမ်း ထည့်မယ်ပြောတယ် ” လို့ ငွေသောင်ယံ ကျေးရွာဒေသခံ တဦးက DNA ကိုပြောပါတယ်။
ငွေသောင်ယံဟာ ယင်းတိုက်ကုန်းအုပ်စု၊ သဲကုန်းကျေးရွာအပိုင်ထဲက သောင်တခုဖြစ်ပြီး ဦးအောင်ဝင်းဟာ သဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်ပါတယ်။ ဒီဒေသမှာနေထိုင်ကြသူတွေက ကိုင်းစိုက်ပျိုးကြသူတွေနဲ့ ဒေသထွက်ကုန်တွေ ကူးသန်းရောင်းချကြသူတွေ ဖြစ်ပါတယ်။
“စိုးရိမ်ရေမှတ်နား ရောက်ရင်ကို သောင်ဆိုတော့ ရေတက်လာတယ်။ အခုက စိုးရိမ်ရေမှတ်ကို တပေကျော် နှစ်ပေနီးပါး တက်နေတာလေ။ ရေပြန်ကျရင်တောင် ပြန်လည်ထူထောင်ရေး လုပ်ရဦးမယ့် အခြေအနေမှာ စစ်မှုထမ်း ထောက်ပံ့ကြေးကောက်တယ်။ အတင်းကောက်တာနော် အဲ့ဒါ”လို့ ငွေသောင်ယံသောင်မှာ နေထိုင်သူတဦးက ဆိုပါတယ်။
ငွေသောင်ယံသောင်ဟာ ပုံမှန်အားဖြင့် ဧရာဝတီမြစ်ရေ တက်ချိန်မှာ ရေတက်ပြီး ရေကြီးရေလျှံ ဖြစ်လေ့ရှိပေမယ့် ယခုနှစ်မှာတော့ ပုံမှန်ထက် ပိုမိုဆိုးဝါးတဲ့ အနေအထားနဲ့ လျှင်မြန်စွာ ရေတက်လာခဲ့ပြီး သောင်တခုလုံး ရေလွှမ်းသွားတဲ့အထိ ဖြစ်နေပါတယ်။
ဧရာဝတီမြစ်ရေဟာလည်း ဇလွန်မှာ စိုးရိမ်ရေမှတ် အထက်ကို ရောက်ရှိနေပြီး ဆက်လက် တည်တံ့နေနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။
“ကျွန်တော်တို့ ကြားနေတယ် စစ်မှုထမ်း ထောက်ပံ့ကြေးက ငွေသောင်ယံတင် မဟုတ်ဘူး ခုလိုအချိန်ကြီးမှာ ကောက်နေတဲ့ တခြားရွာတွေလည်း ရှိတယ်။ ဒါပေမယ့် ငွေသောင်ယံမှာက ရေကြီးနေတာလေ လျှော်လို့ရရင် လျှော်လိုက်ပေါ့ ။ ခုက ခြိမ်းခြောက်တာတွေပါ ရှိတယ်ကြားတယ် ” လို့ ရေပေါက်ကြီးတာမှာ တာတမံခိုင်ခန့်ရေးအတွက် လုပ်အားပေးနေတဲ့ လူမှုကူညီရေး အဖွဲ့တခုရဲ့ ခေါင်းဆောင်ဖြစ်သူက ဆိုပါတယ်။
ငွေသောင်ယံဟာ လက်ရှိမှာ သောက်သုံးရေနဲ့ ချက်ပြုတ်စားသောက်နိုင်ဖို့ အခက်အခဲရှိနေတဲ့ အခြေအနေဖြစ်နေပြီး နန်းတော်ကျွန်းတဲ့ ဇလွန်မြို့ဘက်ကနေ ကူညီထောက်ပံ့မှုတွေ ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ အခြေအနေမှာ ဇလွန်မြို့နယ်အတွင်း ဧရာဝတီမြစ်ကို ကာထားတဲ့ တာတမံတချို့ဟာ မိုးများပြီး မြစ်ရေတိုးလာတာကြောင့် အိကျတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး တာမကျိုးပေါက်ဖို့အတွက် မြို့နယ်အတွင်းက ဒေသခံ ထောင်ချီဟာ ဒီတာတမံတွေကို စောင့်ကြည့်ပြင်ဆင်နေကြရပါတယ်။
#ဧရာဝတီတိုင်း #ဇလွန် #ရေကြီး #စစ်မှုထမ်းကြေး
#DeltaNewsAgency #DNA
#ဧရာဝတီ #ပဲခူး #ရန်ကုန်