YBS ယာဉ်စီးခ တိုးကောက်မယ့်အပေါ် ဝေဖန်ခံရ

“ယာဥ်လိုင်းတွေက အဆင်မပြေတိုင်း ခရီးသည်က ပေးရတာ သိပ်တော့ မဟုတ်သေးဘူး။ သူတို့မှာ တခြားနည်းလမ်း မရှာတတ်တော့ဘူးလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပြီ ”

၁၆၊ဩဂုတ်

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBSကားတွေရဲ့ ယာဥ်စီးခကို ထပ်တိုးဖို့ ရှိနေတဲ့အပေါ် ခရီးသည်တွေကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ် နေပါတယ်။

စက်တင်ဘာလကစပြီး လက်ရှိ ၂၀၀ ကျပ်ခရီးကို ၃၀၀ ကျပ်၊ ၄၀၀ကျပ် ခရီးကို ၆၀၀ ကျပ် တိုးမြင့်​ပြင်ဆင်သွားဖို့ ရှိတယ်ဆိုပြီး ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) က အသိပေးလာတာ ဖြစ်ပါတယ်။

“ကားခတိုးမဲ့ကိစ္စက ယုတ္တိကို မရှိဘူး။ ပိုက်ဆံကို ပုံးထဲမထည့်ရပဲ ယာဥ်မောင်းကို ပေးနေရတာ အရင်မရှင်းပဲနဲ့ ။ ခရီးသည်တွေဖက်ကို ငဲ့မကြည့်တာ “ကုမ္ပဏီဝန်ထမ်း ခရီးသည် တဦးက ပြောပါတယ်။

လက်ရှိ ပြေးဆွဲနေတဲ့ ကားတွေရဲ့ ပြင်ဆင်စရိတ် မြင့်မားလာတဲ့အတွက် ယာဥ်စီးခ တိုးသတ်မှတ်ပေးဖို့ အများပိုင် ဘတ်စ်ကားကုမ္ပဏီတွေက တင်ပြတဲ့အပေါ် ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။

YBS ကားတွေအနေနဲ့ ဝန်ဆောင်မှု တိုးမြင့်မ​ပေးနိုင်ပဲ ယာဥ်စီးခ ပိုတိုးယူနေတာကြောင့် အရင် မထသ စနစ်ထက် အခြေအနေ ပိုဆိုးလာတယ်လို့ ခရီးသွားတွေက ဝေဖန်ပါတယ်။

YBS ဘတ်စ်ကားစနစ် ကျင့်သုံးတဲ့ သက်တမ်း ၁၀ နှစ်တာမှာ အာဏာသိမ်း စစ်အုပ်စုရဲ့ စီမံကြီးကြပ်မှုအောက် ရောက်ခဲ့တာ ၆ နှစ်နီးပါး ရှိ​နေခဲ့တာဖြစ်ပြီး ဝန်ဆောင်မှုပိုင်း ကောင်းမလာတာ​ကြောင့် ထောက်ပြ ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

“ယာဥ်လိုင်းတွေက အဆင်မပြေတိုင်း ခရီးသည်က ပေးရတာ သိပ်တော့ မဟုတ်သေးဘူး။ သူတို့မှာ တခြားနည်းလမ်း မရှာတတ်တော့ဘူးလားလို့ မေးခွန်းထုတ်ရမလို ဖြစ်နေပြီ ” လို့ ရန်ကုန်တိုင်း လွှတ်တော်အမတ်ဟောင်း တဦးက ပြောပါတယ်။

YBS ဘတ်စ်ကားစီးခမှာ အာဏာသိမ်းပြီးမှ မြင့်တက်လာတာ ဖြစ်ပြီး ၂၀၂၁ မတိုင်ခင်က ပုံမှန် ၂၀၀ ကျပ်ပဲ ရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိရန်ကုန်မြို့မှာ YBSကားစီးသူ ၁ ဒဿမ ၈ သန်းနီးပါးရှိပြီး ကားစီးရေ ၃,၃၀၀ပြေးဆွဲပေးနေတာလို့ YRTCစာရင်းတွေအရ သိရပါတယ်။

#YBS #ရန်ကုန် #ယာဉ်လိုင်း #ယာဉ်စီးခ #တိုးကောက်
#DeltaNewsAgency #DNA