YBS စီးခ စျေးတက်မယ့်အစီအစဉ် ရုတ်သိမ်းလိုက်ပြီ

“အခု ၄၀၀ ပေးရတဲ့ ခရီးဆိုရင် အကြွေ၁၀၀ ပြန်မရဘူး။ ကုမ္ပဏီပိုင်ကားတွေ ဝင်ငွေဘယ်လောက်ရှိလဲ မသိဘူး၊ ယာဥ်မောင်းတွေက ပိုဝင်ငွေကောင်းနေတာ”

၁၆၊ဩဂုတ်

YBS စီးခတွေ ဈေးတက်မယ်လို့ ကြေညာခဲ့ပေမယ့် ဝေဖန်သံတွေ ထွက်ပေါ်လာချိန်မှာတော့ ဈေးတက်မယ့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီးလို့ ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မူကော်မတီ (YRTC)တွဲဖက်အ တွင်းရေးမှူးဦးလျန်ကျင့်မန်က ပြောပါတယ်။

“ YBS ယာဥ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား ပယ်ဖျက်ထားပါကြောင်း ကြေညာအပ်ပါသည် ” ဆိုပြီး ဦးလျန်ကျင့်မန်က သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာ ရေးသား အသိပေးထားတာ ဖြစ်ပါတယ်။

YBSဘတ်စ်ကားတွေရဲ့ယာဥ်စီးခကို ၆၀၀ ကျပ်တိုးမြှင့်ကောက်ယူတာကို စက်တင်ဘာ လမှာ ခွင့်ပြုသွားမယ်လို့ YRTCကကြေညာပြီး နှစ်ရက်အကြာမှာနဂိုကြေညာချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က YBSကားတွေရဲ့ ယာဥ်စီးခမှာ အာဏာမသိမ်းခင်က ၂၀၀ ကျပ်ပဲ ရှိခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ၄၀၀ ကျပ်အထိ တိုးလာကာ နောက်ထပ် ဈေးတက်ဖို့ စီစဥ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ယာဥ်စီးခ မတိုးတော့တာကို ကြိုဆိုပြီး ယာဥ်မောင်းတချို့ ယာဥ်စီးခပုံးထဲ မထည့်ခိုင်းပဲ ယူတာ၊ ယာဥ်စီးခ ပိုတောင်းတာတွေကို ထိန်းကြောင်းသင့်တယ်လို့ ပုံမှန်စီးနေတဲ့ ခရီးသည်တဦးက ဆိုပါတယ်။

“အခု ၄၀၀ ပေးရတဲ့ ခရီးဆိုရင် အကြွေ၁၀၀ ပြန်မရဘူး။ ကုမ္ပဏီပိုင်ကားတွေ ဝင်ငွေဘယ်လောက်ရှိလဲ မသိဘူး၊ ယာဥ်မောင်းတွေက ပိုဝင်ငွေကောင်းနေတာ” လို့ သူကပြောပါတယ်။

ရန်ကုန်မြို့မှာ နေ့စဥ် YBS ကားစီးရေ ၃,၃၀၀ နီးပါး ပြေးဆွဲနေပြီး ခရီးသည် ၁ ဒဿမ၈ သန်းနီးပါး စီးနင်းအသုံးပြုနေကာ ယာဥ်စီးရေနဲ့ ခရီးသည်အရေအတွက် မမျှတဲ့အတွက် အဆင်မပြေမှုတွေ ရှိနေတယ်လို့ စစ်တမ်းအချက်အလက်တွေအရ သိရပါတယ်။

#YBS #ရန်ကုန် #ယာဉ်လိုင်း #ယာဉ်စီးခ #ဈေးတက် #ရုတ်သိမ်း
#DeltaNewsAgency #DNA