စင်ကာပူစာသင်ကျောင်းတခု ဗုံးခြိမ်းခြောက်မှုအတု ဖြစ်ပွါး

“ရဲတပ်ဖွဲ့နဲ့ ကျောင်းတာဝန်ရှိသူတွေက ကျောင်းဝင်းတစ်ခုလုံးကို သေချာ ပိုက်စိပ်တိုက် စစ်ဆေးခဲ့ပေမဲ့ သံသယဖြစ်ဖွယ် ပစ္စည်းရယ်လို့ ဘာမှ ရှာမတွေ့ပါဘူး” လို့ ရဲတပ်ဖွဲ့က ထပ်ပြောပါတယ်။

၁၃ ၊ ဩဂုတ်

စင်ကာပူနိုင်ငံ ဟောက်ဂန်းဒေသမှာရှိတဲ့ Xinmin Secondary School စာသင်ကျောင်းမှာ ဒီကနေ့ ဩဂုတ် ၁၃ရက်နေ့က က ဗုံးခြိမ်းခြောက်မှုအတုတစ်ခု ဖြစ်ခဲ့လို့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို ကျောင်းထဲကနေ ဘေးလွတ်ရာ ယာယီရွှေ့ပေးခဲ့ရပါတယ်။

CNA သတင်းဌာနက မြင်တွေ့ခဲ့ရတဲ့ မိဘတွေဆီ အကြောင်းကြားစာထဲမှာတော့ “ဗုံးအန္တရာယ်ရှိနိုင်တယ်” ဆိုတဲ့ သတိပေးချက်ရပြီးနောက် မနက် ၈ နာရီခွဲလောက်မှာ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ကျောင်းက ပြောထားပါတယ်။

စင်ကာပူရဲတပ်ဖွဲ့ (SPF) ကလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မနက် ၈ နာရီ ၂၀ လောက်မှာ အကြောင်းကြားစာ ရခဲ့တာလို့ ပြောပါတယ်။

“ရဲတပ်ဖွဲ့နဲ့ ကျောင်းတာဝန်ရှိသူတွေက ကျောင်းဝင်းတစ်ခုလုံးကို သေချာ ပိုက်စိပ်တိုက် စစ်ဆေးခဲ့ပေမဲ့ သံသယဖြစ်ဖွယ် ပစ္စည်းရယ်လို့ ဘာမှ ရှာမတွေ့ပါဘူး” လို့ ရဲတပ်ဖွဲ့က ထပ်ပြောပါတယ်။

ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေအားလုံး ဘေးကင်းကင်းနဲ့ လူစုံတိုင်စုံရှိပြီး ပုံမှန်စာသင်ချိန်တွေကိုလည်း ပြန်စနေပြီလို့ ကျောင်းဘက်က ပြောပါတယ်။

CNA သတင်းထောက်တွေ မနက် ၁၁ နာရီ ၄၅ လောက်မှာ ရောက်သွားတဲ့အခါ ကျောင်းဝင်းထဲမှာ ရဲကား ၄ စီး ရပ်ထားတာကို တွေ့ရပါတယ်။

ကျောင်းလုံခြုံရေးတွေက ပင်မတံခါးကြီး ပိတ်လိုက်ချိန်မှာ ဒုကျောင်းအုပ်ကြီး Mr Tan Kok Kwang က အပြင်မှာ စောင့်နေတဲ့ သတင်းထောက်တွေကို ကျောင်းအနေနဲ့ လောလောဆယ် ဘာမှ ထပ်ပြောစရာမရှိသေးလို့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကိုပဲ စောင့်ပေးဖို့ ပြောသွားခဲ့ပါတယ်။

Grade 10 ကျောင်းသူတစ်ယောက်ကတော့ မနက် ၈ နာရီခွဲလောက်မှာ ကျောင်းအုပ်ကြီးက စပီကာကနေ ကြေညာတာကို ကြားခဲ့ရတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

သူမက ဆက်ပြောတာက ကျောင်းသားတွေအားလုံးကို ဘောလုံးကွင်းဆီ ရွှေ့ပေးခဲ့တာဖြစ်ပြီး အဲဒီရောက်မှ ဗုံးခြိမ်းခြောက်မှုကြောင့်ဆိုတာ ကျောင်းအုပ်ကြီးက ရှင်းပြခဲ့တာလို့ ဆိုပါတယ်။

“နည်းနည်းတော့ ရုတ်တရက်ဆန်သွားတယ်။ တကယ်ကို ကြိုမသိလိုက်ရဘူးလေ။ အချို့ဆို စာမေးပွဲတောင် ဖြေနေတုန်းရှိသေးတယ်” လို့ အဲဒီကျောင်းသူက ပြောပြပါတယ်။

CNA ဘက်ကတော့ အသေးစိတ် အချက်အလက်တွေ ထပ်မံသိရှိနိုင်ဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန တို့ကို ဆက်သွယ်ထားပါတယ်။

အခုလို ဗုံးခြိမ်းခြောက်မှုအတု ဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ ၄ နှစ်က ဝုဒ်လန်း မှာရှိတဲ့ အဲဗာဂရင်းအထက်တန်းကျောင်း မှာ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဉ်နဲ့ ဆင်တူနေပါတယ်။ အဲဒီတုန်းက ခြိမ်းခြောက်မှုဟာ မဟုတ်မှန်ကြောင်း ပေါ်ပေါက်ခဲ့ပေမဲ့ ဒီလို လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို လျှော့မတွက်ဘဲ အလေးအနက်ထား ကိုင်တွယ်သင့်တယ်လို့ အဆိုပါဝန်ကြီးဌာနက အဲဒီအချိန်တုန်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။

Ref – CNA

#စင်ကာပူ #ဗုံးခြိမ်းခြောက် #အတု
#DeltaNewsAgency #DNA