ရေကြီးနေတဲ့ ဧရာဝတီမှာ ဆန်စျေးတက်

“ဆန်စျေးတက်တာကို မထိန်းရင် စပါးစိုက်တဲ့ လယ်သမားတွေ ဒုက္ခတော်တော်ရောက်ကြမှာ။ ကိုယ်စိုက်တဲ့ ဆန်ကို စျေးကြီးပေး ဝယ်စားရမှာ။ စပါးခင်းတွေ အကုန်ပျက်တော့မယ်။ ပုပ်နေကြပြီ”

၁၁၊ ဩဂုတ်။

အရင်က ၁၉၀၀၀၀ ဝန်းကျင်ရှိခဲ့တဲ့ ရေကြည်ပေါ်ဆန်းဟာ အခုအခါ နှစ်သိန်းဝန်းကျင်၊ အရင် ၁၆၀၀၀၀ ဝန်းကျင်ရှိခဲ့ တဲ့ ဧရာ၀တီပေါ်ဆန်းဟာ ၁၈၀၀၀၀ ဝန်းကျင်နဲ့ ၆၀၀၀၀ ကျော်ရှိခဲ့တဲ့ မနောသုခဟာ ၇၀၀၀၀ ဝန်းကျင် စျေးရှိနေပါတယ်။

“ဆန်စက်တွေကနေ စတင်တာ။ အရင်က တအိတ်ကနေ နှစ်ထောင်၊ သုံးထောင်လောက်ပဲ စျေးတက်နေတာ။ အခု တအိတ်က တသောင်း၊ တသောင်းကျော်ထိတောင် တက်သွားတယ်။ ရေကြီးတာနဲ့ ဆိုင်တယ်။ ရေကြီးလို့ တင်လိုက်ကြတာ” လို့ ဟင်္သာတဒေသခံတဦးက ပြောပါတယ်။

ရေကြီးပြီး နောက်ပိုင်းမှာလည်း ဆန်စျေးဟာ ထပ်တက်နိုင်တာမို့ ဆန်စျေးမတက်အောင် အစိုးရအနေနဲ့ ကြပ်မတ်ဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“ဒီဘက်မှာတော့ ဆန်တွေ ဝယ်မစားရသေးဘူး။ ပရဟိတအဖွဲ့တွေက လှူနေတာဆိုတော့ ဆန်စျေးဘယ်လောက် တက်နေလဲ မသိဘူး။ တခြားမြို့တွေမှာတော့ စျေးတက်နေပြီပြောကြတယ်” လို့ လေးမျက်နှာမြို့နယ်မှ ဒေသခံတ ဦးက ပြောပါတယ်။

လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ကျိုးသွားခဲ့တာကြောင့် ဧရာ၀တီတိုင်းအတွင်း ရေကြီးနေတာဖြစ် ပြီး စိုက်ပျိုးပြီးသားစပါးခင်း ဧကသုံးသောင်းကျော်လောက် ရေနစ်မြုပ်နေကာ အဲဒီစပါးခင်းတွေ ပျက်စီးသွားနိုင် တယ်လို့ ဒေသခံတွေက လယ်သမားတွေက ပြောကြပါတယ်။

“ဆန်စျေးတက်တာကို မထိန်းရင် စပါးစိုက်တဲ့ လယ်သမားတွေ ဒုက္ခတော်တော်ရောက်ကြမှာ။ ကိုယ်စိုက်တဲ့ ဆန်ကို စျေးကြီးပေး ဝယ်စားရမှာ။ စပါးခင်းတွေ အကုန်ပျက်တော့မယ်။ ပုပ်နေကြပြီ” လို့ လေးမျက်နှာမြို့နယ် အိုင်သပြုမှ လယ်သမားတဦးက ပြောပါတယ်။

လယ်ယာလုပ်ငန်းနဲ့ အဓိက သက်မွေးကြတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ မိုးစပါး၊ နွေစပါး ပေါ်ချိန်တွေတုန်းက စပါးတွေ ထိုးကျနေခဲ့ပြီး မိုးဦးကာလမှာ စပါးစျေးပြန်တက်လာခဲ့တာပါ။ အဲဒီလို စပါးစျေး ဦးမော့လာချိန် ရေဘေးကြောင့် စပါးခင်းဧက သောင်းချီ ပျက်စီးရမယ့် အခြေအနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။

ဧရာ၀တီတိုင်း အစိုးရအဖွဲ့ကတော့ လေးမျက်နှာမြို့နယ်အတွင်းက စပါးခင်းတွေ ပျက်စီးသွားခဲ့ရင်လည်း ဒေသတွင်း ဆန်စပါးဖူလုံရေးနဲ့ လိုအပ်ချက်တွေအတွက် စိုးရိမ်ပူပန်စရာ လုံး၀မရှိကြောင်း ဆိုထားပါတယ်။

ဒါ့အပြင် ရေဘေးသင့်ခဲ့တဲ့ အစိတ်အပိုင်း အနည်းငယ် အတွက်လည်း ပျိုးပင်နဲ့ သီးနှံအစားထိုး စိုက်ပျိုးနိုင်မယ့် အစီအစဉ်တွေ ကြိုတင်ပြင်ဆင်ထားပြီလို့ဆိုပေမယ့် မြေပြင်မှာတော့ လယ်သမားတွေဟာ အခုချိန်ထိ အကူအညီ တစုံတရာ မရကြသေးဘူးလို့ ပြောကြပါတယ်။

ငဝန်မြစ် တာဘောင်ကျိုးကျမှုကြောင့် ရေကြီးနေတာဟာ ဒီနေနဲ့ဆိုရင် ၁၂ ရက်ရှိပြီ ဖြစ်ပြီး လေးမျက်နှာ၊ အိုင်သပြု အနီးတဝိုက် ရေအနည်းငယ် ပြန်ကျသွားခဲ့ပေမယ့် ရေကြည်၊ ငသိုင်းချောင်း မြို့တွေမှာတော့ ရေတက်လာနေပြီး ရေဘေးသင့် ပြည်သူထောင်ချီထိ တိုးလာနေပါတယ်။

#ဧရာဝတီ #ရေကြီး #ဆန် #ဈေးတက်
#DeltaNewsAgency #DNA